UEC ၏ထုတ်ပြန်ချက် တိုင်းရင်းသားများကို လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းများရွေးချယ်လာစေရန် တွန်းပို့ရာရောက်

UEC ၏ထုတ်ပြန်ချက် တိုင်းရင်းသားများကို လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းများရွေးချယ်လာစေရန် တွန်းပို့ရာရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နယ်မြေများစာရင်း ၎င်းနယ်မြေများမှ တိုင်းရင်းသားများကို လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းများရွေးချယ်လာစေရန် တွန်းပို့ရာရောက်ကြောင်း ပေါင်းစည်းတိုင်းရင်းသားငါးပါတီက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲအား ကချင်ပြည်နယ်မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်မြို့နယ်တစ်မြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စု၊ ပဲခူးတိုင်းဒေသကြီး မြို့နယ်နှစ်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ရခိုင်ပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ကိုးနယ်မြို့နယ်၊ မြို့နယ်လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ခြောက်မြို့နယ်၊ မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက် ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စု စုစုပေါင်း ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ် ၁၅ ခု၊  ရပ်ကွက် ၂၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၅၈ အုပ်စုတို့တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အပေါ် ပေါင်းစည်းတိုင်းရင်းသားပါတီ ငါးပါတီဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ညီညွတ်ရေးပါတီတို့က ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် အဆိုပါဒေသများရှိ တိုင်းရင်းသား ပြည်သူများ၏ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ရွေးကောက်ခံခွင့်နှင့် မဲပေးခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးပါရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲ၏ အရေးကြီးဆုံးသောအင်္ဂါတစ်ခုမှာ တရားမျှတမှုဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်သည် ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပြင် ၂၀၂၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို မေးခွန်းထုတ်စရာဖြစ်စေကြောင်း၊ မဲဆွယ်ကာလ ထက်ဝက်ခန့်ကျော်လွန်လာပြီး ရွေးကောက်ပွဲကျင်းပရန် ၂၀ ရက်သာ လိုတော့သည့်အချိန်တွင် ယခုလိုထုတ်ပြန်မှုသည် အဆိုပါ တိုင်းရင်းသားဒေသများမှ တိုင်းရင်းသားမဲဆန္ဒရှင်များအတွက်လည်း တရားမျှတ မှုမရှိကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

UEC၏ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်နယ်မြေများစာရင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင်ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ခုနစ်မြို့နယ်နှင့် ကျေးရွာအုပ်စု ၄၅၃ အုပ်စုနှင့်နှိုင်းယှဉ်ပါက လွန်စွာများပြားနေပြီး ဝေဖန်မှုများ မြင့်တက်လျက်ရှိကာ အထူးသဖြင့် တိုင်းရင်းပါတီများက ဝေဖန်လျက်ရှိသည်။

June 25, 2021
The junta has removed the most of teachers who joined the Civil Disobedience Movement (CDM)...
March 17, 2021
For some, the nightmare has returned, but for ethnic people, the nightmare never stopped But...
January 11, 2021
Hpakant Township which produces the world famous jade stones is facing a massive web of chronic...
December 10, 2020
The dream of over one million people to exercise their democratic rights and have their votes...