သပိတ်ကျင်းမြို့နယ်နှင့်စဥ့်ကူးမြို့နယ်အကြားရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးနေ

သပိတ်ကျင်းမြို့နယ်နှင့်စဥ့်ကူးမြို့နယ်အကြားရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးနေ
ပုံစာ-ယနေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်တွင် တွေ့ရသည့် စစ်ကောင်စီတပ်စစ်ကြောင်း
ပုံစာ-ယနေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်တွင် တွေ့ရသည့် စစ်ကောင်စီတပ်စစ်ကြောင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ်အကြားရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သံချပ်ကာကားအပါအဝင် အင်အားအလုံးအရင်းဖြင့် ယနေ့အောက်တိုဘာ လ ၁၂ ရက် နံနက်ပိုင်းမှစတင်ပြီး စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

"ရွာဘက်ဆင်းလာပြီး အခုမနက် ရွာဦးတောကျောင်းမှာ တပ်စွဲမယ့် သဘောရှိတယ်။ ကားတွေကတော့ လမ်းမပေါ်မှာပဲ။ ရွာထဲကလူတွေ အပြင်မထွက်ရဘူးဆိုပြီး ရာအိမ်မှူးက ပြောတယ်"ဟု ဝါးဖြူတောင် ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ဒေသခံအများစုသည် ရွှေတူးဖော်သည့် လုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ပြီး ၎င်းဒေသတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်သည့် ရွှေလုပ်သား ထောင်နှင့်ချီ၍ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ဘက်က ရွှေတူးဖော်တဲ့ဒေသဆိုတော့ဗျာ။နယ်စုံ လူစုံပဲ။ကျွန်တော့် လုပ်ကွက် မှာကို လက်ရှိ လုပ်သား ၅၀ကျော်ရှိတယ်။အဲလိုဆိုတော့ သူတို့လိုသလိုဆွဲပြီး ဖမ်းတာ ဆီးတာလုပ်မှာကို စိုးရိမ်တယ်"ဟု ရေထွက်ကျေးရွာမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လတ်တလောတွင် ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ရွှေလုပ်သားအချို့မှာ တိမ်းရှောင်ခြင်းများပြုလုပ်နေပြီး လုပ်ကွက်အချို့လည်း ယနေ့ ၁၀နာရီမှ စတင်ကာ ရပ်နားထားကြကြောင်း သိရသည်။

"စစ်ကြောင်းက သုံးနေရာလောက် ခွဲဆင်းတာတွေ့ရတယ်"ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဒေသခံအများစုသည် နေအိမ်များမီးရှို့ဖျက်ဆီးခံရမည်ကို စိုးရိမ်လျက်ရှိပြီး အချို့ဒေသခံများမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ရှောင်တိမ်းနေကြကြောင်း သိရသည်။

"အနေအထားက ဘာမှန်းမသိသေးဘူး။ ထိပ်တိုက်တွေ့မယ့် သဘောတွေရှိတယ်။ လက်ရှိတော့ ဘာသံမှ မကြားရသေးဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဒေသသည် ပြည်သူ့ကာကွယ်တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရခြင်းနှင့် စစ်ကောင်စီတပ်ယာဉ်တန်းများ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရခြင်းများ ဖြစ်ပွါးလျက်ရှိသည့် ဒေသလည်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

More news from Mizzima
September 21, 2026
Myanmar’s People’s Defence Force (PDF) has issued a nationwide call urging the public to resist...
September 17, 2026
A Myanmar military regime airstrike killed three family members and injured four others in...
September 16, 2026
A dispute over cargo loading priorities at a border crossing between India’s Mizoram State and...
September 15, 2026
Fuel prices in Myanmar continue to surge, with official retail rates for standard gasoline...