တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါသည့် ထိပ်သီးအစည်းအဝေး ကျင်းပမည်

တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါသည့် ထိပ်သီးအစည်းအဝေး ကျင်းပမည်
by -
Mizzima

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(EAO Peace Process Steering Team-EAo PPST)၏ နှစ်ရက်ကြာ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် လက်မှတ် မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ၂၁ ရာစုပင်လုံ ညီလာခံမတိုင်မည် ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ ပူးပေါင်းတက်ရောက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

“PPST ရဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။ PPST အနေနဲ့ ရှေ့ဆက်ပြီးတော့ JMCနဲ့ UPDJC တို့ရဲ့ လုပ်ငန်းတွေကို ရှေ့ဆက် မယ်ဆိုတဲ့ ကိစ္စတွေပါ ဆွေးနွေးခဲ့ပါတယ်။ လာမည့် မကြာတဲ့ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ခေါ်ဖို့လည်း ဆွေးနွေးကြတာရှိပါတယ်။ အဲဒီအပေါ်မှာ PPST ကနေ ထောက်ခံ အားပေးတဲ့ အကြောင်း ကျနော်တို့ တက်တက်ကြွကြွပါဝင်မယ့်အကြောင်း ဆွေးနွေးခဲ့ပါတယ်၊ ကျနော်တို့ အားလုံးအတူတကွ ပါဝင်ဖို့ ညှိနှိုင်းတဲ့ အနေအထားမျိုး ဖြစ်တယ်”ဟု ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။

NCA တွင် လက်မှတ်ရေးမထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်လာနိုင်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လာနိုင်ရန်အတွက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထို့ပြင် လာမည့် ဇွန်လ ၂၈ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးခွင့် ရနိုင်ရန် ကမ်းလှမ်းထားသည်ဟု သူက ပြောသည်။

“နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့တဲ့အခါ ၂၁ ရာစုပင်လုံ ညီလာခံနဲ့ ပတ်သက်ပြီးမှ အဓိက ဆွေးနွေးဖို့ ရှိပါတယ်။ သမ္မတနဲ့ ကာချုပ်နဲ့တွေ့ဖို့က ကျနော်တို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ကာချုပ်နဲ့ တွေ့တဲ့အခါမှာ ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်း အလဲမှာ တပ်မတော်ရယ်၊ အစိုးရရယ် ဆက်သွယ်ပြီးတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ထားတဲ့အတွက် တပ်မတော်နဲ့ တွေ့ဖို့က အင်မတန်မှ အရေးကြီး ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဆွေးနွေးကြဖို့ အပြန်အလှန် နားလည်မှု ရှိကြဖို့ အဓိက တွေ့ချင်တဲ့ ကိစ္စ ဖြစ်ပါတယ်”ဟု ပူးဇင်ကျုံးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်သည့် ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ထိန်းချုပ် နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပရန် လျာထားသော်လည်း နေရာနှင့် အသီးချိန်ကိုမူ ထိပ်အစည်းအဝေး ကျင်းပရေးကော်မတီ ဖွဲ့စည်း၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

PPST အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး ပစ်ခတ်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင် ၈ ဦးနှင့်အတူ အားလုံး ၂၂ ဦး သွားရောက်မည် ဖြစ်ကြောင်း PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဖို့ ခရီးစဉ်စီစဉ်တာရှိတာပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဘယ်လို တက်ရောက် ပြင်ဆင်မလဲဆိုတာပါတယ်။ အပစ်မရပ်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ညီလာခံကြီးတခုခေါ်တဲ့အခါမှာ ကျနော်တို့လည်း ပူးပေါင်းပါဝင်မယ်ဆိုတဲ့ အခြေခံ ၃ချက်ပါဘဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ Holiday Inn ဟိုတယ်တွင် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်များတွင် PPST ၏ အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။

PPST ကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းက NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့၏ ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က တာဝန်ယူခဲ့သည်။

More news from Mizzima
September 21, 2026
Myanmar’s People’s Defence Force (PDF) has issued a nationwide call urging the public to resist...
September 17, 2026
A Myanmar military regime airstrike killed three family members and injured four others in...
September 16, 2026
A dispute over cargo loading priorities at a border crossing between India’s Mizoram State and...
September 15, 2026
Fuel prices in Myanmar continue to surge, with official retail rates for standard gasoline...