“တစ်မြို့ကိုတစ်မြို့ မသွားရ၊မလာရဘူးဆိုတာတော့ တော်တော်ယုတ်ညံ့တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ဖြစ်တယ်”

“တစ်မြို့ကိုတစ်မြို့ မသွားရ၊မလာရဘူးဆိုတာတော့ တော်တော်ယုတ်ညံ့တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ဖြစ်တယ်”

စစ်တွေ-ပေါက်တောရေကြောင်းလိုင်းပိတ်လိုက်တဲ့အပေါ် ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်ကို နိရဉ္စရာသတင်းဌာနက မေးမြန်းတဲ့အင်တာဗျူး ....

မြန်မာစစ်ကောင်စီဟာ ရခိုင်ပြည်အတွင်း မြို့နယ်တစ်ခုနဲ့တစ်ခု သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးတွေကို ပိတ်ပင်ထားသလို စစ်တွေနဲ့ တစ်ခြားမြို့နယ်တွေအကြား ကုန်လမ်း၊ ရေလမ်းသွားလာမှုတွေကို ပိတ်ဆို့ထားပါတယ်။ ပေါက်တောမြို့နယ်ဟာ ရခိုင်ပြည်နယ်မြို့တော်နဲ့ ဆက်သွယ်တဲ့နေရာမှာ ရေလမ်းကို အဓိကအားကိုးနေရတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ပေါက်တောမြို့နယ်နဲ့ စစ်တွေမြို့အကြား ရေကြောင်းကနေ ဆက်သွယ်သွားလာမူတွေကိုလည်း ဒီလ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီက ရက်အကန့်အသတ်မရှိ တားဆီးပိတ်ပင်လိုက်ပါတယ်။ ဒီစစ်အုပ်စုရဲ့  လုပ်ရပ်အပေါ် ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးတက်ထွန်းအောင်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။

‌မေး- စစ်တွေပေါက်တော ရေကြောင်းခရီးတွေကို စစ်ကောင်စီက ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ဘာပြောချင်ပါသလဲ။

ဖြေ- ပေါက်တောမြို့နယ်ဟာ ချောင်းတွေ၊ မြစ်တွေ၊ ကျွန်းတွေပေါများတဲ့ ဒေသတစ်ခုဖြစ်ပြီး ရေလမ်းကို အဓိက အားကိုးနေရတဲ့ မြို့နယ် ဖြစ်ပါတယ်။  လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဓိကလိုအပ်ချက်တွေဖြစ်ပါတယ်။ အခုလို ရေလမ်း ဆက်သွယ်ရေးကို ဖြတ်တောက်တာက တော်တော်ကိုလူ့အခွင့်အရေး ချိုးဖောက်တဲ့သဘောရှိတာပေါ့။ သမိုင်းဦးခေတ်ကတောင် ဒီလောက် အခြေအနေ မဆိုးဘဲနဲ့ အခုအခါ ဒီလောက် တိုးတက်နေတဲ့ ခေတ်တစ်ခုမှာ အစိုးရက ပြည်သူတွေကို မတရားနှိပ်စက်တယ်လို့ ပြောရမှာပေါ့။ ကျန်းမာရေးအခြေအနေလည်းရှိမယ်။နောက်ပြီး လူသုံးကုန်ပစ္စည်းတွေ အစခပ်သိမ်းပေါ့။ တစ်မြို့ကို တစ်မြို့က မသွားရဘူး၊ မလာရဘူးဆိုတာကတော့ အဲ့ဒါတွေက တော်တော်ယုတ်ညံ့တဲ့ အတွေးအခေါ်နဲ့လုပ်တဲ့ လက်ရှိအစိုးရရဲ့ လုပ်ရပ်လို့ပဲပြောရမယ်။

မေး- အခုလိုရေလမ်းကြောင်းလမ်းကြောင်းတွေကို ပိတ်လိုက်တဲ့ အတွက် ‌ဒေသခံတွေအနေနဲ့ ဘယ်လိုနစ်နာမှုတွေရှိနေလဲ။ အခက်အခဲတွေကကော ဘာတွေဖြစ်နေကြပါသလဲ။

ဖြေ- ကုန်စည်စီးဆင်းမှုက စစ်တွေကတစ်ဆင့် တခြားနေရာတွေကို စီးဆင်းတာလေ။ အခု စစ်တွေကို သွားလာနေတဲ့ ရေလမ်းကြောင်းကို ပိတ်ရင် လူသုံးကုန်ပစ္စည်း‌ တွေအဆမတန် စျေးမြင့်တက်သွားမယ်။ တစ်ရာတန်ကို တစ်ထောင်ပေးပြီးစားရမယ်။ နောက်ပိုင်းဆိုရင် ကုန်သွယ်စီးဆင်းမှုမရှိရင် ပေါက်တောဒေသမှာရှိတဲ့သူတွေ ကျန်းမာရေး၊ စားဝတ်နေရေး အစခပ်သိမ်း အခက်အခဲဖြစ်ပြီး လူတွေရဲ့ နေ့စဉ် ဘဝကို အကြီးအကျယ် ထိခိုက်မှု ဖြစ်သွားနိုင်တယ်။  တည်ငြိမ်တဲ့ လူနေမှုဘ၀ကို ထိခိုက်ပျက်စီးသွားနိုင်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့‌ ပြောရမှာ‌ပေါ့။

‌မေး- ဘာလို့  စစ်ကောင်စီက အခုလို ရခိုင်ပြည်အတွင်းမှာ ရေလမ်းသွားလာမှုကို ပိတ်တယ်တယ်လို့ ထင်ပါသလဲ။

ဖြေ- အခုက ရခိုင်ဒေသမှာ စစ်ရေးပဋိပက္ခပေါ့။ စစ်‌ရေးပဋိပက္ခဆိုလည်း စစ်အချင်းချင်း တိုက်ကြပေါ့။ ရက္ခိုင့်တပ်တော်ကို စစ်တိုက်မယ်ဆိုရင် သူတို့တိုက်လို့ရတာပဲ။ အခုက အဲ့လိုစစ်တိုက်တာမဟုတ်ဘဲ၊ ပြည်သူတွေကို သက်သက် ငတ်ပြတ်အောင်၊ပြည်သူတွေ ဒုက္ခရောက်အောင်၊ အဲ့ဒါတွေလေ အစိုးရရဲ့ လုပ်ရပ်မဟုတ်ဘူးပေါ့။ အစိုးရဆိုတာ ပြည်သူကို တာဝန်ခံရတယ်။ အဲ့ဒါမှ အစိုးရလို့ခေါ်တယ်။ ပြည်သူကိုတာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ အစိုးရသည် အစိုးရမဟုတ်ဘူးလို့‌ ပြောရမှာပေါ့။ အစိုးရဆိုတာ ပြည်သူကို တာဝန်ယူရမယ်။ ပြည်သူရဲ့ကောင်းကျိုး၊ ဆိုးကျိုး၊  ကျန်းမာရေး၊ လှုမှုရေး၊ စီးပွားရေးအစ နယ်ပယ်စုံကို  ရှင်သန်နိုင်အောင် အစခပ်သိမ်းတာဝန်ခံရမယ်။ အခုက စစ်အစိုးရဆိုသည့် တိုင်အောင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့အပေါ် တစ်စုံတစ်ရာ တာဝန်ယူမှု မရှိဘူးလားလို့ မေးရမှာပေါ့။ အဲ့လိုတာဝန်ယူမှုမရှိရင် ရခိုင်ပြည်နယ် အစိုးရလို့ ခံယူဖို့ မသင့်ဘူးပေါ့။

‌မေး- ရခိုင်ပြည်နယ်မှာ အဓိကအားထား‌နေရတဲ့ရေကြောင်းသွားလာမှုကို စစ်တပ်က ပိတ်ထားတဲ့အတွက် ရခိုင်ပြည်မှာ ဘာတွေဖြစ်လာနိုင်ပါသလဲ။

ဖြေ-  ရေလမ်း‌ကြောင်းက ရခိုင်မှာ အဓိကဆက်သွယ်ရေးလမ်းကြောင်းပေါ့။ တစ်မြို့နဲ့ တစ်မြို့၊ တစ်ရွာနဲ့ တစ်ရွာ၊ ရေလမ်းကို အဓိက အား ထားသွားနေကြတာပါပဲ။ ဒါကိုပိတ်ဆို့ထားတဲ့အတွက် လူထုတွေအကြားမှာ အကြီးအကျယ် အခက်အခဲဖြစ်သွားတယ်။  ပြည်သူတွေ ကျန်းမာရေးကိစ္စတွေ၊ စားသုံးကုန်ပစ္စည်း‌ကိစ္စ၊ ခရီးသွားလာခွင့်မရတဲ့ကိစ္စတွေက အထူး ထိခိုက်လာမယ်။  ဘာမှ လုပ်လို့ မရအောင်ထိ တားမြစ်လာတဲ့အတွက်  ပြည်သူတွေ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ရင်လေးစရာပေါ့။

Most read this week

May 20, 2024
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးတင်သွင်းခွင့်နှင့် ကုန်စည်စီးဆင်းမှုအားလုံးကို...
May 18, 2024
ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင်...
May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...