အမျိုးသားညီညွတ်ရေး အစိုးရက "ဝ" အထူးဒေသ (၂) အား ၀ ပြည်နယ်ဟု သုံးစွဲခဲ့ခြင်းအပေါ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အားဆက်သွယ်မေးမြန်းခြင်း

အမျိုးသားညီညွတ်ရေး အစိုးရက "ဝ" အထူးဒေသ (၂) အား ၀ ပြည်နယ်ဟု သုံးစွဲခဲ့ခြင်းအပေါ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အားဆက်သွယ်မေးမြန်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ဧပြီ ၁၇ နေ့တွင် ကျရောက်သည့် "ဝ" အထူးဒေသ (၂) ၏ ငြိမ်ချမ်းရေးတည်ဆောက်မှု (၃၃) နှစ်ပြည့် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် "ဝ" အထူးဒေသ(၂) အား "ဝ" ပြည်နယ် ဟု တရားဝင် ထုတ်နုတ် သုံးစွဲသည်ကို တွေ့ရှိရသည်။

ထို့ပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို အုတ်မြစ် တည်ဆောက်ရာ တွင်လည်း အမြော်အမြင် ကြီးမားစွာဖြင့် ဦးဆောင်ပါဝင်နိုင်စေဖို့ ဆုမွန်ကောင်းတောင်း အပ်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် “ဝ“ အထူးဒေသ (၂) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့၏ ဆက်ဆံမှုအခြေအနေကို သိရှိနိုင်ရန်အတွက် NUG အစိုးရ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အား မဇ္ဈိမသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။

မဇ္ဈိမ။ ။ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဝ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃) နှစ်ပြည်သဝဏ်လွှာဆိုပြီး ဝ ပြည်နယ်လို့ တရားဝင် သုံးစွဲ ပေးပို့ခဲ့တာတွေ့ရပါတယ်။ အဲ့ဒီမှာ ဝ ပြည်နယ် လို့ သုံးနှုန်းခဲ့တာ ဘယ်လိုအကြောင်းကြောင့်ပါလဲ။ နောက်ပိုင်းတွေမှာကော ၀ ပြည်နယ်လို့ပဲ ဆက်လက် သုံးစွဲမှာလား ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ ၀ ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၃) နှစ်ပြည့် သဝဏ်လွှာပို့တာမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဝပြည်သွေးစည်းညီညွတ် ရေးတပ်မတော်ကို တည်ထောင်ပြီး ငြိမ်းချမ်းရေးအတွက် တည်ဆောက်ခဲ့တဲ့ (၃၃) နှစ်ပြည့် အထိမ်းအမှတ်ပါ။ ဒါဟာ သူတို့ သုံးခဲ့တဲ့ အသုံးအနှုန်းအတိုင်း လေးစားမှုနဲ့ ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနက သုံးစွဲခဲ့တာပါ။ ဒီသဝဏ်လွှာမှာ သုံးတာက ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၊ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က သုံးနှုန်း ထားတဲ့အတိုင်း လေးလေးစားစားနဲ့ ပြန်လည်သုံးနှုန်းတာပါ။

နောက် ကျွန်တော်တို့ သမိုင်းကိုပြန်ကြည့်လိုက်ရင် Federated Shan States ဆိုတာ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ လုပ်ခဲ့တာ ရှိတယ်။ အဲ့ဒီအထဲမှာ State တွေအများကြီးရှိတယ်။ ၁၉၂၂ လောက်ကဖြစ်မယ်။ အင်္ဂလိပ်တွေကနေ ၀ ပြည်နယ်ကို သီးသန့် အသိအမှတ်ထားတာ တွေ့ဖူးပါတယ်။

မဇ္ဈိမ။ ။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အမျှော်အမြင်ကြီးစွာနဲ့ ဦးဆောင်ပါဝင်ဖို့ဆုတောင်းပါတယ်ဆိုပြီး NUG တိုက်တွန်း ချက်မျိုး လည်းတွေ့ရပါတယ်။ ၀ ကို ဦးဆောင်ပါဝင်ဖို့ဆိုတဲ့ စကားဟာ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ လက်တွဲဖို့ ကမ်းလှမ်းတာလား။ ဒါမှမဟုတ် လက်တွဲဆောင်ရွက် နေတာမျိုး ရှိသလား ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ပါတယ်။ ၀ ပြည်သူလူထု၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲပြီးတော့ ကြမ်းကြုပ်ရက်စက်တဲ့ စစ်အာဏာရှင်တစ်ခုလုံးကို အမြစ်ကနေ တော်လှန်ပြီး မြန်မာပြည် ပြည်ထောင်းစုကြီး ငြိမ်းချမ်းသာယာ ဝပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အတူလက်တွဲတည်ဆောက်ဖို့ ရည်ရွယ်ပြီးပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တိုအားလုံးဟာ ဒီခရီးလမ်းကို အတူသွားနေတဲ့ ညီအစ်ကို မောင်နှစ်မတွေ ဖြစ်ပါတယ်။ အားလုံးလည်း ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ လုပ်ခဲ့ ကြပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်နေတယ်။ လက်တွဲပြီး ဆောင်ရွက် နေတယ်ဆိုတာမျိုးကို ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေး အစိုးရက အမြဲတမ်းလုပ်ကိုင်နေမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ သမိုင်းကို အခုကြည့်လိုက်ပါ။ အခုလုပ်နေတဲ့ Political process နိုင်ငံရေးအခင်းအကျင်းက တခါမှမကြုံဖူးတဲ့ all inclusive အားလုံးပူးပေါင်းပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် ကျွန်တော်တို့ အစိုးရက လုပ်ဆောင်နေတာကို အားလုံးတွေ့ရမှာပါ။ လက်တွဲဆောင်ရွက် နေတယ် ဆိုတာလည်း တွေ့ရမှာပါ။

မဇ္ဈိမ။ ။ ၀ အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ NUG ရဲ့ ဆက်ဆံမှု ပုံစံအခင်းအကျင်းကိုလည်း သိလိုပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ NUG အစိုးရမှာ မဟာမိတ်ဆက်ဆံရေးကော်မတီ ဖွဲ့ထားတာ အားလုံးသိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရ စပြီးတည်ထောင်ကတည်းက တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းတွေ၊ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုပြီး အမြဲတမ်းတစိုက်မက်မက် လက်ကမ်း ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေသည် စစ်အာဏာရှင်စနစ်ကို မခံနိုင်လို့ ရရာလက်နက်ဆွဲကိုင်နေတဲ့PDF တွေကို ကူညီပေးတယ်။ ထောက်ပံံပေးတယ်။ သင်တန်းပေးတယ်။ အဲ့ဒါတွေအတွက် အများကြီးကျေးဇူးတင်ပါတယ်။ ၀ အပါအဝင် မြောက်ပိုင်းအဖွဲ့တွေတင် မကပါဘူး။ တိုင်းသား အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ အခု အရှိန်အဟုန် ပိုမြှင့်ပြီးတော့ တိုင်းရင်းသားတွေ အားလုံးနဲ့ လက်တွဲပြီးအတူလုပ်ဆောင်တဲ့ ကိစ္စမှာ ၀ အပါအဝင် မြောက်ပိုင်းအဖွဲ့ တွေအားလုံးနဲ့ အရှိန်အဟုန်မြှင့်တည်ဆောက်ဖို့ ပြောဆိုနေပါတယ်။ ကျွန်တော်တို့ရဲ့ မဟာမိတ် ဆက်ဆံရေး ကော်မတီကလည်း ကမ်းလှမ်းတာ၊ အလွတ်သဘောဆွေးနွေးတာ၊ တိုင်းရင်းသားလက်နက်အကိုင် အုပ်စုတွေနဲ့ ဆွေးနွေးပြီးတာလည်း ရှိပါတယ်။ ဆွေးနွေး ရဦးမှာတွေလည်း ရှိပါတယ်။ ဆွေးနွေးပြီးတဲ့ အဖွဲ့တွေနဲ့လည်း ဆက်တိုက် ဆွေးနွေးနေပြီးတော့ ပူးတွဲလုပ်ဆောင်ရမယ့်အရာတွေကို ဘယ်လိုအကောင်အထည် ဖော်လုပ်ကိုင်မယ်ဆိုတာ မဟာဗျူဟာ ချမှတ်ပြီးတော့ လုပ်ဆောင်နေတာတွေ ရှိပါတယ်ခင်ဗျ။ အမြဲတမ်းလက်တွဲပြီး အတူတူလုပ်ဆောင်ဖို့အတွက် ယုံကြည်မှု တည်ဆောက်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ဖို့ပါ။

မဇ္ဈိမ။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ၀ ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါပါသလဲ။

ဖြေ။ ။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ၀ ရဲ့ အခန်းကဏ္ဍဟာ အများကြီး အရေးပါပါတယ်။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံး လူမျိုးစုတွေ အကုန်လုံးက အားလုံး အရေးပါပါတယ်။ နယူးမြန်မာပေါ့။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသစ်တည်ဆောက်တဲ့ အခါမှာ အားလုံးက အရေးပါပါတယ်။ equality self- determination တန်တူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်မှာ ညီတူညီမျှညီမျှရှိတယ်။ ကိုယ့်အခွင့်အရေး ကိုယ်တည်ဆောက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် ၊ ကျွန်တော်တို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်မှုကလည်း အခြေခံအချက်ထဲမှာ အန်မတန် အရေး ပါပါတယ်။ အားလုံး လူမျိုးစုတွေ အကုန်လုံးကလည်း ညီတူညီမျှ အခွင့်အရေး တွေရဖို့အတွက် လိုအပ်ပါတယ်။

မဇ္ဈိမ။ ။ တရုတ်နဲ့၀ ရဲ့ ဆက်ဆံမှုအပေါ် NUG အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ တရုတ်ကိုကော ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။ ၀ နယ်မြေဒေသဟာ တရုတ်နဲ့ နယ်မြေခြင်း ဆက်စပ်နေပါတယ်။ ကူးသန်း ဆက်ဆံတာတွေရှိနေတယ်။ စီးပွားရေး ဆက်စပ်မှု ၊ ယဉ်ကျေးမှု ဆက်စပ်မှုတွေရှိတယ်။ အိမ်နီးချင်းတွေ အမြဲတမ်း ဆက်ဆံရေးလည်း ကောင်းတယ်။ ညီအစ်ကိုမောင်နှစ်မတွေ။ ကိုလိုနီခေတ်ကတည်းက ကူးလူးဆက်ဆံကြတယ်။ လုပ်ကြတယ်။ ကိုင်ကြတယ်။ နှစ်ပေါင်းရာချီပြီးတော့ ဆက်ဆံရေးက ရှိလာတယ်။ အိမ်နီးချင်းကောင်း ပီပီသသ ဆက်ဆံရေးပါ။ အိမ်နီးချင်းကောင်း ပီသတဲ့ဆက်ဆံရေးက ၀ နဲ့ တရုတ်မှာ ဆက်ပြီးတော့ရှိနေမယ်။ အခုကျွန်တော်တို့တည်ဆောက်မယ့် အနာဂတ်မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှုဟာ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနဲ့ ဆက်ဆံရေးကောင်မွန်တဲ့ နိုင်ငံတစ်ခု ဖြစ်မယ်ဆိုတာ ပြောကြားပါရစေ။

မဇ္ဈိမ ။ ။ NUG အနေနဲ့ အသိပေးပြောကြားချင်တာမျိုး ၊ ဆက်လက်ပြီး လုပ်ဆောင်သွားမယ့် အခင်းအကျင်းမျိုးရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ ။ NUCC ကနေဦးဆောင်ပြီးတော့ all inclusive political process အားလုံးပါဝင်တဲ့နိုင်ငံရေးအခင်အကျင်းမျိုး ဖြစ်အောင် လုပ်နေတယ်။ အဲ့ဒီမှာ အဖွဲ့အစည်းတွေ အကုန်လုံးပါတယ်။ ကျွန်တော်တို့တွေ နောက်ထပ်တည်ဆောက်မယ် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့အတွက် ဥပဒေ လုပ်နေကြတယ်။ နောက်ကျွန်တော်တို့ people congress ကနေ အတည်ပြုပေးရမယ့် ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိလာခဲ့ပါမယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က NUCC ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း မဟာဗျူဟာချပြီးတော့ အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အတူအတူ လက်တွဲပြီးတော့ ၀ အပြင် အားလုံးက လက်တွဲညီညီနဲ့ တည်ဆောက် ကြမယ်လို့ တိုင်းရင်သားညီအစ်ကိုမောင်နှစ်မများ အားလုံးနဲ့ မြန်မာပြည်သူလူထုကို တိုက်တွန်းပါရစေ။

တစ်ခါမှ မကြုံဘူးတဲ့ အားလုံးပူးတွဲပါဝင်နေတဲ့ အဖွဲ့ပေါင်းစုံပါဝင်နေတဲ့ process ကိုလည်း လုပ်နေပါတယ်။ ခိုင်မာတဲ့အုတ်မြစ်တစ်ခုနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တစ်ခု တည်ဆောက်တာဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ ယုံကြည်ပါတယ်။ ငြိမ်းချမ်းသာယာဝပြောပြီး ချမ်းချမ်းသာသာနဲ့ ပြည်သူအားလုံး တန်းတူအခွင့်အရေးရတဲ့ ပြည်ထောင်စုကြီး တစ်ခု မကြာခင်ရဖို့ ကြိုးစားနေတယ်ဆိုတာ တင်ပြပါရစေ။ ကျေးဇူးတင်ပါတယ်။

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...