ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းဟာ မဲဆန္ဒရှင်တွေကို စော်ကားခြင်းဖြစ်တယ်

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းဟာ မဲဆန္ဒရှင်တွေကို စော်ကားခြင်းဖြစ်တယ်

၂၀၂၀ အထွေထွေရွေကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ခြင်းဟာ ခပ်ညံ့ညံ့ အလိမ်အညာဖဲဝိုင်းက ကိုယ်ဖဲကိုယ်ချိုး ကိုယ်တိုင်ဝေ ကိုယ်တိုင်ရိုက် ဘေးထိုင်ကြည့်လဲ မကြိုက်ဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။

ဆိုလိုတာက ကိုယ်ဆွဲတဲ့ဥပဒေ၊ ကိုယ်စိတ်ကြိုက်ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်တွေက တပ်အသွင်ပြောင်း ညွှန်ချုပ်၊ ညွှန်မှူးတွေစီမံတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ ဘယ်တုန်းကမှ မမှန်နေတဲ့အပြင် မှားယွင်းနေတဲ့ လုပ်ငန်းစဉ်စနစ်ကို ပြင်ဖို့ထက် အားနည်းချက်အဖြစ် အသုံးချနေတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ကိုယ့်စိတ်ကြိုက်ရလဒ်မဟုတ်ရင် သေနတ်တပြပြနဲ့ လူသတ်ပြီး ထင်ရာလုပ်ဖို့ဝန်မလေးတဲ့ စစ်တပ်ရဲ့ ခပ်ညံ့ညံ့ လောင်းကစားဝိုင်းသဏ္ဍာန်ကနေ ပေါ်ထွက်လာတဲ့ အဖြေလို့ဆိုချင်တာပါ။

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ကြောင်း ထုတ်ပြန်လိုက်တာဟာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူလူထုကို စော်ကားခြင်းဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးနဲ့ မဲရုံမှူး ကျောင်းဆရာ၊ ဆရာမ အပါအဝင် မဲရုံးတာဝန်ရှိသူများ၊ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူများရဲ့ စေတနာ၊ နိုင်ငံသားတာဝန်တွေကို ချနင်းခြင်းဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ကြေငြာသူက လွတ်လပ်သောအဖွဲ့အစည်းမဟုတ်တဲ့အပြင် အများပြည်သူကို အကြောင်းမဲ့သတ်ဖြတ်၊ သေနတ်ထောက်ပြီး အာဏာသိမ်းခဲ့သူတွေဖြစ်သလို ရွေးကောက်ပွဲနှင့် လားလားမျှမသက်ဆိုင်တဲ့ စစ်အုပ်စုက ဖြစ်နေခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ ကော်မရှင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု ၁၁ သန်းကျော်ရှိခဲ့တယ်လို့ နေ့စဉ်နဲ့အမျှ အကြိမ်ကြိမ် ထုတ်ပြန်ပြောဆိုနေပါတယ်။

ယင်းကဲ့သို့ မဲစာရင်းမှားယွင်းကြောင်း ထုတ်ပြန်သူ ဦးသိန်းစိုးဆိုသူဟာ သန်းခေါင်ယံမဲ၊ ကြိုတင်မဲ စသည့် ကမ္ဘာကျော်မဲလိမ်မဲခိုးမှုဖြစ်ခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲရဲ့ ကော်မရှင်ဥက္ကဌဖြစ်နေပြန်ပါတယ်။

မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှု ရှိ/မရှိဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မဲဆန္ဒရှင်ပြည်သူ အားလုံးနီးပါး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ အခြေအနေကို ထောက်ရှု့နိုင်တယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံက ဆန္ဒမဲပေးနိုင်သူ ၃၈ သန်းကျော်ဟာ ကိုဗစ်ကပ်ရောဂါကြားထဲက နေအိမ်အပြင်ထွက်ပြီး ဒီမိုကရေစီနစ် ဆက်လက်ရှင်သန်ဖို့ မဲပေးကြပါတယ်။ ဒီရွေးကောက်ပွဲကို နိုင်ငံတကာအပါအဝင် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းမီဒီယာအားလုံး စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ လိုအပ်မှုနဲ့ အားနည်းချက်အချို့ရှိပေမယ့် ရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ တထပ်တည်းကြကြောင်း တညီတညွတ်တည်း ထောက်ခံထားကြပါတယ်။

အဲဒီအခြေအနေမှာ ဥပမာအနေနဲ့ စစ်တပ်ဦးဆောင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုရင် မဲစာရင်း ၃၀ ရာခိုင်နှုန်းတောင် မှန်ကန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

မည်သို့ပင်ဖြစ်စေ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး မတရားသိမ်းပိုက်ဖို့အလို့ငှာ မဲစာရင်းစိစစ်ရေးလုပ်ငန်းစဉ် လုပ်နေသလို တပ်ကျောထောက်နောက်ခံပြုပါတီ ရုံးတွင်းပုန်း ဆန္ဒဖော်ထုတ်ပွဲတွေနဲ့ အာဏာသိမ်းဖို့ အကြောင်းပြဇာတ်လမ်းရှာခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်အားကိုးပြီး ရွေးကောက်ပွဲကော်မရှင်အသီးသီးက မဲရလဒ်တွေကို ပြန်ဖောက်စစ်ဆေးခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ် စစ်ဆေးခြင်းလုပ်ဆောင်ရာမှာလည်း မဲပေးသူနဲ့ မဲစာရင်းကွာဟမှုကိုသာ ထောက်ပြနေပြီး မြေပြင်မှာ အမှန်တကယ် လုပ်ဆောင်ခဲ့တဲ့ မဲရုံးတာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို မေးမြန်းခြင်းမရှိဘဲ တဖက်သတ် မဲစာရင်းမှားယွင်းကြောင်း ကြွေးကြော်လီဆယ်နေပါတယ်။

မဲစာရင်းမှားယွင်းကြောင်းနဲ့ မဲမသမာမှု ရှိ/မရှိကို အာဏာသိမ်းစစ်တပ်အနေနဲ့ ယနေ့အချိန်ထိ လူထုတစ်ရပ်လုံး လက်ခံအောင် ချပြနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းဟာ မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်သလို စစ်တပ်ရဲ့ အာဏာရူးမှုတစ်ခုသာဖြစ်တယ်။

Most read this week

May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...
May 16, 2024
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့...
May 15, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင်...