အိန္ဒိယ-မြန်မာနယ်စပ်ပိတ်ရန် ဗဟိုကနေ ညွန်ကြားမှုမရှိဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

အိန္ဒိယ-မြန်မာနယ်စပ်ပိတ်ရန် ဗဟိုကနေ ညွန်ကြားမှုမရှိဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ရန် ဗဟိုအစိုးရကနေ တစုံတရာညွန်ကြားမှုမရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကပြောသည်။

ဝန်ကြီးချုပ်ရုံး၌ မေလ ၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာ နယ်စပ်ဝင်ထွက်သွားလာခွင့်ပိတ်ပင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာသံရိုင်ဖယ်က ပိတ်ခဲ့တယ် ၊ အကျိုးကြောင်းကိုမေးကြည့်တော့ အထက်ကနေ အမိန့်ရလို့ အမိန့်အတိုင်းလုပ်ဆောင်တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်၊ ဒါဆိုရင် ဒီကိစ္စကို ပြည်နယ်အစိုးရက ဘာမှမသိရတာလဲ၊ ဘာကြောင့် ဗဟိုအစိုးရက အသိမပေးတာလဲ၊ မိမိတို့ပြည်နယ်မှာ မိမိတို့ သိရှိခြင်းမရှိဘဲ ဒီလိုလုပ်ဆောင်တာဟာ မဖြစ်သင့်ဘူးဆိုပြီး ပြည်နယ်အတွင်းရေးမှူးကို ပြည်ထဲရေးဝန်ကြီးဌာနထံ ချက်ချင်းဖုန်းဆက်မေးမြန်းခိုင်းပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကိုမေးကြည့်တဲ့အခါမှာ သူတို့အနေနဲ့ အဲဒီလို အမိန့် ပေးတာမျိုးဘာမှမရှိဘူး၊ သိရှိခြင်းလည်းမရှိဘူးလို့၊ ချက်ချင်းပြန်ရုပ်သိမ်းပါမယ်ဆိုပြီး နယ်စပ်ကိုပြန်ဖွင့်ခဲ့တာဖြစ်ပါ တယ်” ဟု မီဇိုရမ် ဝန်ကြီးချုပ်ကပြောသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင်ခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်နေ့အထိ နားလည်မှုကာလအဖြစ်သတ်မှတ်ကာ မေလ ၁ ရက်နေ့ကစ၍ မည်သူမျှဖြတ်သန်းသွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ပင်ခဲ့သည့်အတွက် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်က နယ်စပ်အနီးတွင်တည်ရှိသော ဒေသခံပြည်သူများ၏ နေ့စဉ်စားဝတ်နေရေးရှာဖွေမှုအပေါ် အကြီးအကျယ်ရိုက်ခတ်လာသည့်အတွက် ဒေသခံပြည်သူ များနှင့် ရပ်ရွာအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။  

သို့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံ စုံစမ်းမေးမြန်းခဲ့ပြီးနောက်  ဧပြီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ဖလမ်း မြို့နယ်က ရိခေါဒါရ်မြို့နှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာကြား ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ် တံတား ကို ပြန်လည်ဖွင့်လှစ်ကာ ယခုအခါ ယခင်ပုံမှန်အတိုင်း ဝင်ထွက်သွားလာခွင့်ရှိခဲ့သည်။

Most read this week

May 18, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ...
May 17, 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) စနစ်ဖျက်သိမ်းမှုနှင့်...
May 17, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့်...
May 16, 2024
ယနေ့ မေလ ၁၆ မနက်ပိုင်းတွင် တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊...