ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို ဆက်လက်လက်ခံထားဖို့ အခက်အခဲဖြစ်လာ

ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို ဆက်လက်လက်ခံထားဖို့ အခက်အခဲဖြစ်လာ

ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို ဆက်လက် လက်ခံသွားဖို့ အခက်အခဲရှိနေတယ်လို့ စစ်ရှောင်တွေ ခိုလှုံနေထိုင်တဲ့ ဘုန်းကြီးကျောင်းရဲ့ တာဝန်ခံတွေဆီကနေ သိရပါတယ်။

စစ်ရှောင်တွေကို လက်ခံထားတာ ၆ လအထိ ရှိနေပြီး နေထိုင်ရေး၊ စားသောက်စရိတ်တွေ ပိုမိုခက်ခဲလာတဲ့အတွက် စစ်ရှောင်တွေကို ‌ပြောင်းရွေ့ခိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ညောင်ရွှေမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

” စစ်ရှောင်တွေကို လက်ခံပေးချင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လူမှုရေး ပြဿနာတွေ ရှိလာသလို စားသောက်စရိတ်ကစ ကြီးမားလွန်းလာတာရယ်ကြောင့် ခုလို ဆုံး ဖြတ်လိုက်ရတာပါ။” လို့ အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံအများစုဟာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံခဲ့ကြပြီး တောင်ကြီး ၊ အေးသာယာ ၊ ကလော၊ အောင်ပန်း စတဲ့မြို့နယ် နဲ့ တခြား နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခိုလှုံနေထိုင်ခဲ့ကြပါတယ်။

ဘုန်းကြီးကျောင်းတချို့မှာတော့ စစ်ရှောင်တွေကို ထပ်မံ လက်ခံခြင်းမရှိတော့တာကြောင့် ပြောင်းရွေ့ခိုင်းထားပြီး အချိန်တစ်လ ပေးထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စစ်ရှောင်နေသူတစ်ဦးကတော့ တခြားနေရာကို ပြောင်းရွေ့နေထိုင်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် နေရပ်ကိုပဲ ပြန်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

“မနေရတော့ရင်တော့လည်း လွိုင်ကော်ပဲ ပြန်ရတော့မှာပဲ။ ဒီမှာက အိမ်ငှားခတွေကလည်း စျေးကြီး ၊ အဲ့ဒါထက်ဆိုးတာက နေရာတွေလည်း ပြည့်နေပြီလေ။ အဲ့ဒီတော့ လွိုင်ကော်ပြန်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်ရှင် ” လို့ ညောင်ရွှေမြို့နယ်က လွိုင်ကော် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း စစ်ဘေးရှောင်တွေကို ဌာနဆိုင်ရာဝန်ထမ်းတချို့က ‌နေရပ်ဖြစ်တဲ့ လွိုင်ကော်မြို့မှာပြန်လည်နေထိုင်ကြဖို့ တိုက်တွန်းထားတာ ရှိပါတယ်။

“အိမ်ငှားရှာဖို့ပြောတယ်။ ဘုန်းကြီးကျောင်းမှာ လက်ခံလို့ အဆင်မပြေတော့ဘူးတဲ့။ ဘာပဲပြောပြော ၆ လလောက် တင် ကျွေးပြီး နေစရိတ်၊ စားစရိတ် အခမဲ့ ထားပေးတာကိုပဲ ဘုန်းဘုန်းကို ကျေးဇူးတင်လှပါပြီ။ ခုတော့ အိမ် ရှာကြည့်ဦးမယ် မရတော့ လည်း တစ်မျိုး စီစဥ်ရမှာပေါ့” လို့ တောင်ကြီးမြိုက စစ်ရှောင်တစ်ဦးကဆိုပါတယ် ။

လက်ရှိ လွိုင်ကော်မြို့တွင်းက ‌နေရာတချို့မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားတဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာတော့ စစ်ကောင်စီဘက်က လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ထားတာရှိသလို ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း နေရပ်ပြန်လာဖို့ ခေါ်ဆိုထားတယ်လို့ သိရပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...