ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာကုန်းအပြင် ဝိုင်းမော်မြို့နယ်အတွင်းက စခန်းသုံးခုကိုပါ သိမ်းပိုက်လိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာကုန်းအပြင် ဝိုင်းမော်မြို့နယ်အတွင်းက စခန်းသုံးခုကိုပါ သိမ်းပိုက်လိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းက ဆွမ်ပရာဘွမ်စစ်ကောင်စီဗျူဟာကုန်းတစ်ခုအပြင် ဝိုင်းမော်မြို့နယ်အတွင်းက စခန်းသုံးခုကိုပါ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့မနက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

မတ်လ ဒုတိယပတ်လောက်ကနေ စတင်တိုက်ခိုက်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီရဲ့ ခလရ ၄၆ ဗျူဟာကုန်းကို စစ်ကောင်စီဘက်က‌ ကုန်လမ်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေသာမက လေကြောင်းနဲ့ပါ ပစ်ကူမှုကြားကနေ ဒီကနေ့ မေလ ၅ ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်လောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"သူတို့ဘက်ကလည်း စခန်းလက်မလွှတ်ရေး လေယာဉ်နဲ့လည်း ပစ်ကြတယ်။ ပူတာအိုဘက်က အင်အားဖြည့်တင်းတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီမနက် ၄ နာရီကျော်လောက်မှာ သိမ်းပြီးပါပြီ။ မြို့ဘက်ပိုင်းကိုတော့ ပြီးခဲ့တဲ့ မတ်လကနေ ဝင်သိမ်းထားပြီး ဖြစ်ပါတယ်။ အခု စခန်းက မြစ်ကြီးနားကနေ တက်လာရင် ပူတာအိုမြို့ရဲ့ ကျောထောက်နောက်ခံနေရာလည်း ဖြစ်တယ်။ မြို့နယ်တစ်ခုလုံးကို လုံခြုံရေး ယူပေးနေတဲ့ နေရာလည်း ဖြစ်တယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်ပါ သိမ်းနိုင်ခဲ့တဲ့ ဗျူဟာကုန်းနဲ့ ဆွမ်ပရာဘွမ်မြို့ကြားမှာရှိတဲ့ စခန်းငယ်နှစ်ခုကိုတော့ လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ကျန်ရှိနေတဲ့ စခန်းငယ်နှစ်ခုကို သိမ်းဆည်းပြီးကြောင်း အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက စခန်းအားလုံးကို အပြီးအစီး သိမ်းနိုင်ပြီလို့ ပြောဆိုလို့ မရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပြပါတယ်။

ပူတာအိုမြို့နယ်ဘက်သာမက ဝိုင်းမော်မြို့နယ်အတွင်းက ဆမား၊ ကဂမ်၊ အင်ခရမ်၊ ဂိဒေါန်၊ ကုန်းလိမ်၊ ငါးဂရန့် နေရာတွေဘက်လည်း မနေ့က (မေလ၄)ရက်နေ့ ညနေပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက် မှာတော့ ကဂမ်အနီးက တပ်စခန်းတစ်ခုအပြင် ဆမားကုန်းနဲ့ ကုန်းလိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောပါတယ်။

" ဒီမနက် ကဂမ်အနီးက စခန်းတစ်ခုကို သိမ်းပြီ။ ဆမားကုန်းကိုလည်း သိမ်းပြီ။ ကုန်းလိမ်တပ်စခန်း သိမ်းပြီ။ ငါးဂရန့်လည်း သိမ်းပြီလို့ ပြောတယ်။ ဒါပေမဲ့ အတည်ပြုလို့တော့ မရသေးဘူး။ အဲဒီဘက်လည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အခုသိမ်းတဲ့ ဟာတွေက တပ်စခန်းကြီးတွေပဲ။ အဲဒါတွေကို သိမ်းပြီးရင်တော့ မြစ်ကြီးနား-ဗန်းမော်လမ်း တပ်စခန်းတွေ မရှိတော့ဘူးလို့ ပြောလို့ရတယ်"လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ KIO/KIAဘက်ကနေ ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇)ရက်နေ့က စပြီး ဒီကနေ့ အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက် အပြင် တစ်ခြား တပ်မဟာ(၁)ဘက်နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါ ပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ ကောင်စီတပ်စခန်းကြီး/ငယ်  ၇၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...