ချင်းလဲန်းကောင်စီဖြစ်စေ ICNCC ဖြစ်စေ ချင်းအင်အားစုအားလုံးနှင့် ထိတွေ့ဆက်ဆံနေကြောင်း NUG ပြော

ချင်းလဲန်းကောင်စီဖြစ်စေ ICNCC ဖြစ်စေ ချင်းအင်အားစုအားလုံးနှင့် ထိတွေ့ဆက်ဆံနေကြောင်း NUG ပြော

ချင်းပြည်နယ်က ချင်းလဲန်းကောင်စီဖြစ်စေ ၊  ICNCC ဖြစ်စေ  ချင်းတော်လှန်ရေးအင်အားစုအားလုံးနှင့် ထိတွေ့ဆက်ဆံမှုရှိနေကြောင်း NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

ယနေ့ ဧပြီလ ၃၀ ရက်မှာ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ခိုနူမ်းသုန်သတင်းဌာနက ချင်းအရေးနှင့်ပတ်သက်၍မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့ အစိုးရအနေနဲ့က ချင်းပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ဆက်ဆံတာ၊ ICNCC ၊ ချင်းလဲန်း ကောင်စီ၊ အဲဒီမှာ ကျနော်တို့ ဘာမှ ခွဲခြားမှု မရှိဘူး။ ဆက်ဆံနေတယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ချင်းတော်လှန်ရေးအင်အားစုများသည် နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ချင်းညီနောင်အဖွဲ့ဟူ၍ အဖွဲ့ (၂) ခု ပေါ်ပေါက်ခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင်ပါ သဘောထားမတူညီသည့် သက်ရောက်မှုများ ရှိနေသည်။

ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ ဖွဲ့စည်းခြင်း၊ ICNCC ဖွဲ့စည်းခြင်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီ ချာတာ အရ ဆောင်ရွက် နေကြခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန်အတွက် ကိုယ့်ပြည်နယ်နှင့် ကိုယ်ဒေသမှာ ကိုယ့်ကြမ္မာ ဖန်တီးနိုင်ရေး Bottom – Up အောက်ခြေမှ အထက်သို့ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း ဦးကျော်ဇောက ပြောသည်။

“အဲဒီမှာ အရေးကြီးဆုံး အချက်တွေက တန်းတူညီမျှမှုရှိရေး၊ ကိုယ့်ကံကြမ္မာကို ဖန်းတီးဖို့ပေါ့နော်။ ချင်းပြည်နယ်မှာ ချင်းအမျိုးသားတွေ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်သွားမယ်လို့လည်း ယုံကြည်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့က ကျနော်တို့ ထိတွေ့ဆက်ဆံနေတယ်။ ဒီဟာက ဖက်ဒရယ်ဒီမိုကရေစီချာတာအတိုင်း ဆက်လက်လုပ်ကိုင်နေတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကလည်း ချင်းတော်လှန် ရေးအင်အားစုအားလုံးနှင့် ချိတ်ဆက် ဆောင်ရွက် နေမှုများ ရှိသည်ဟု ထပ်လောင်း ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒအနေဖြင့် ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရ နှစ်ရပ် ပေါ်ပေါက်လာမှုကို လက်မခံဘဲ ချင်းပြည်အစိုးရ တစ်ရပ် ပေါ်ထွန်းရေးသာ အခြေခံစဉ်းစား ဆောင်ရွက်နေကြောင်း ကိုနေဘုန်းလတ်က ပြောသည်။

“ NUG အစိုးရရဲ့ မူဝါဒကတော့ ကျနော်တို့က ကြားကာလအမျိုးသား ညီညွတ်ရေး အစိုးရဖြစ်တယ်။ ဒီကြားကာလမှာ နယ်မြေ ခွဲခြမ်းမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိ ရှိရင်းစွဲ နယ်မြေတွေကိုပဲ ဆက်လက်ကိုင်စွဲ ကျင့်သုံးတဲ့ အနေအထား ရှိပါတယ်။ ဘယ်နယ် မြေကိုမှ လက်ရှိ ရှိရင်းစွဲကနေ ခွဲထုတ်လိုက်တာ၊ ဖယ်ထုတ်လိုက်တာမျိုးတွေကို စဉ်းစား ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ အနေနဲ့က ချင်းပြည်နယ်မှာ ချင်းပြည်အစိုးရ တစ်ရပ် ပေါ်ထွန်းဖို့ဆိုတဲ့ စဉ်းစားချက်ကို အခြေခံထားပြီး စဉ်းစားနေတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ အစိုးရ နှစ်ခုတော့ ပေါ်ပေါက်လို့ မရဘူးဆိုတဲ့ အခြေခံမူကနေ ရပ်တည်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်” ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။

တော်လှန်ရေး ၃ နှစ်တာအတွင်း NUG အစိုးရနှင့် တိုင်းရင်သားတော်လှန်ရေး အင်အားစုများသည် နယ်စပ်ကုန်သွယ်ရေး မြို့ (၅) မြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း NUG အစိုးရက ယနေ့မှာ သတင်းထုတ်ပြန်သည်။

ထို့အပြင် အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစ လက်နက်ထုတ် စက်ရုံများ စသည်တို့ကိုလည်း ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ ဖော်ဆောင်နေသော ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့်လည်း Federal and State Coordination Commission (FSCC) ကို ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

Most read this week

May 16, 2024
ယနေ့ မေလ ၁၆ မနက်ပိုင်းတွင် တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊...
May 16, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏...
May 14, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက...