နေရပ်ပြန်ဖို့သင့်မသင့် လွန်ဆွဲနေကြတဲ့ ရှမ်းပြည်ရောက် လွိုင်ကော်စစ်ရှောင်များ

နေရပ်ပြန်ဖို့သင့်မသင့် လွန်ဆွဲနေကြတဲ့ ရှမ်းပြည်ရောက် လွိုင်ကော်စစ်ရှောင်များ

“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ မျက်ရည်စတွေ ဝဲ နေတဲ့ အသက် ၈၀ နှစ်အရွယ် အမျိုးသမီးကြီးတဦးပဲ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့ကနေ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့တာ ဒီလနဲ့ဆိုရင်တော့ ၅လ ဝန်းကျင်ရှိခဲ့ပါပြီ။ တခြားဒေသတွေမှာ ရှင်သန် ရုန်းကန်ဖို့က မလွယ်လှတာကြောင့် စစ်ဘေးရှောင်အများစုဟာ မိမိတို့ရဲ့ မူလနေထိုင်တဲ့ မြို့ကို ပြန်ရမယ့်အချိန်ကို မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမ ဟာ တောင်ကြီးမြို့၊ ဘုန်ကြီးကျောင်းတနေရာမှာ  တခြားဘဝတူ စစ်ဘေးရှောင်တွေနဲ့အတူ ယာယီခိုလှုံနေထိုင်လျှက် ရှိပါတယ်။

ယခုအခါမှာ “လွိုင်ကော်မြို့တွင်း တချို့ နေရာတွေမှာ ဖုန်းလိုင်း ပြန်ရနေပြီ၊ လျှပ်စစ်မီးများ ပြန်လာနေပြီ“ စတဲ့  သတင်း၊ ပြောစကားတွေကြောင့် လွိုင်ကော်မြို့ကို ပြန်ချင်နေသူတွေအဖို့ နေရပ်ပြန်ရဖို့က မျှော်လင့်ချက်ကြီး တခုလိုဖြစ်နေကြပါတယ်။

တဖက်မှာလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူနေတာလည်း ရှိပါတယ်။

“လျှပ်စစ်ဝန်ထမ်းတွေ အဓိကခေါ်တယ် ကြားတယ်။ ပြန်လာချင်တဲ့ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက်လည်း သူတို့နေရာ စီစဥ်ပေးမယ် ပြောတယ်။” လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စစ်ဆင်ရေး ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကနေ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပြန်ခေါ်နေတာဟာ စစ်ရေးအားနည်းနေတာကြောင့် လူထုအပေါ် အနိုင်ထက်စီးနင်းပြုတာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး -၂ ဦးဗညားက ကန္တရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“သေချာတာတခုကတော့ လွိုင်ကော်ကိုပြန်နေချင်ရင် ပြန်နေလို့ရတယ်၏။ ဒါပေမဲ့ သူတို့ရဲ့အသက်အန္တရာယ်ကတော့ တော်လှန်ရေးအင်အားစုက ဘယ်လိုမှ အာမခံပေးမှာ မဟုတ်ဘူးပေါ့နော။ စစ်ကောင်စီအလိုကျအတိုင်း ဆက်ရှိနေပြီးတော့မှ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ဖို့ ကြိုးစားနေတဲ့ မည်သည့် Non-CDM လူတဦးတယောက်ရဲ့ သူ့ရဲ့လုပ်ရပ်ကို အာမခံမှာမဟုတ်ဘူး။ အဲ့ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ “ လို့ ဦးဗညားက ပြောပါတယ်။

သို့ပေမဲ့ မြို့တွင်း တိုက်ပွဲထပ်မံဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် နေရပ်မပြန်ချင်သူတွေ၊ စီးပွားရေးအတွက် ဈေးရောင်းဈေးဝယ် လုပ်ကိုင်ဖို့ ခက်ခဲတာကြောင့် မပြန်လိုသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

" ပြန်တာက ဟုတ်ပါပြီ ၊ ဘာလုပ်စားကြမလဲ၊ စျေးလည်းမရှိတော့ဘူး ခရီးအသွားအလာလည်း ခက်၊ စျေးတွေလည်း တက် ၊ အဲ့ဒါတွေထက် ခက်တာကတော့ နောက်တခါ စစ်ထပ်ဖြစ်ရင် ဘယ်လိုပြေးကြမလဲ။ ကျနော်ကတော့ မပြန်သေးဘူးဗျာ။ ခြေနေတွေအေးဆေးသွားမှပဲ ပြန်တော့မယ်။" လို့ ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ လွိုင်ကော်မြို့မှ လုပ်ငန်းရှင်တဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ လွိုင်ကော်ဒေသခံတွေအဖို့ ပြန်ချင်စိတ် နဲ့ မပြန်ချင်စိတ်က လွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ဘုန်ကြီးကျောင်းမှာ ခိုလှုံနေထိုင်ကြတဲ့ လွိုင်ကော် စစ်ဘေးရှောင်တွေကို လွိုင်ကော်ကို ပြန်လိုပါက ပြန်လို့ရကြောင်း သို့သော် လက်ရှိခိုလှုံရာ ဘုန်းကြီးကျောင်းမှာ နောက်တကြိမ် ပြန်လာနေထိုင်ဖို့ ခွင့်မပြုဘူးလို့ ပြောဆိုမှုတွေရှိတာကြောင့် ပြန်ဖို့ တွေဝေနေသူများလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွိုင်ကော်ပြန်မယ့် ယာဉ်လိုင်း ကားခမှာ တဦးကို ကျပ် ၃သိန်းခန့် ကုန်ကျတာကြောင့် လမ်းခရီးစရိတ်အတွက် ငွေကြေးမတတ်နိုင်သူလည်း များပြားတယ်လို့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

လွိုင်ကော်မြို့ထဲမှာလည်း လတ်တလော ပစ်ခတ်မှု ရှိနေတဲ့အပြင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း နေရပ်ပြန်လို့ရ၊ မရ ကို စာထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီကနေလည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် အခြေအနေကို စောင့်ကြည့်သင့်တယ်လို့ လွိုင်ကော်ဒေသခံအချင်းချင်း အကြံပြုကြတာလည်း ရှိနေပါတယ်။

လွိုင်ကော်ဒေသခံ လယ်သမားတဦးကတော့ ” လယ်ပြန်စိုက်ချင်ပြီလေး ၊ မနှစ်ကလည်းအရှုံးပေါ် တယ်။ ကျနော်တို့ အလုပ်မျိုးကျတော့။ ကိုယ့်မြေမှာ ပြန်လုပ်မှကိုယ် ရမှာလေး။ ဒါ့ကြောင့် ၄လပိုင်းကုန်တော့ မိသားစု ခေါ်ပြီး ဖြစ်ချင်တာဖြစ် ပြန်တော့မယ်”လို့ ရှမ်းပြည်နယ်ကနေ လွိုင်ကော်ပြန်မယ့်အကြောင်း အခုလို ပြောလာပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့မှာ အိမ်ငှားခ အနိမ့်ဆုံး ၂သိန်းကျပ်ကနေ ပေးငှားရပြီး အနည်းဆုံး၆လ စာချုပ် ချုပ်ရတယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာမြင့် လာတာနဲ့အမျှ စားသောက်ရေးအပြင် အဖက်ဖက်က ကြပ်တည်းလာတာကြောင့် ငွေကြေးမတတ်နိုင်တဲ့ လွိုင်ကော်ဒေသခံတွေဟာ ဆက်လက် မငှားရမ်းနိုင်တော့ဘဲ မိမိတို့နေရပ်ကိုသာပြန်ကြဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ နေထိုင်သူတချို့ကလည်း လူမှုရေးပြဿနာ၊ ကျန်းမာရေး ပြဿနာတွေကြောင့် မိမိတို့နေအိမ်မှာသာ ပြန်လည်နေထိုင်လိုစိတ် ပြင်းပြနေကြတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတချို့မှာလည်း စစ်ကောင်စီလက်အောက်ခံ ဌာနတခုကနေ လွိုင်ကော်ကို ပြန်နေကြဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူ တဦးက အခုလို ပြောပါတယ်။

“လွိုင်ကော်ကို စစ်ဘေးရှောင်တွေ စည်းစည်းလုံးလုံး ပြန်ဝင်ကြဖို့ ပြောတယ်။ အိမ်တွေက မိုင်းရှင်းထားလား မထားလားလည်းမသိ။ စားဝတ်နေရေး ကို ဘယ်လို ကူညီမယ်လို့လည်းမပြော မပြန်ရဲသေးပါဘူးဗျာ။” လို့ တောင်ကြီးမြို့တွင်စစ်ဘေးရှောင်နေတဲ့ ၇၀ အရွယ် အမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်နေအိမ်အများစုလည်း ပျက်စီးသွားပြီး စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်လည်းရှိတာကြောင့် မပြန်သင့်ဘူးလို့ ပြောဆိုကြသူတွေလည်း ရှိနေပါတယ်။

သို့ပေမဲ့ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ နေစရိတ်၊ စားစရိတ် အခက်အခဲ ပိုမိုကြုံတွေ့လာရတာကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်နေကြပေမဲ့ မိမိတို့ ဇာတိမြေမှာပဲ သေသေရှင်ရှင် ပြန်တော့မယ်လို့ ဆုံးဖြတ်ကြသူတွေလည်း ရှိနေကြပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...