မန္တလေးပတ်စ်ပို့ရုံး၌ တုံကင်စနစ်ဖြင့်သာ ဝန်ဆောင်မှုပြန်ပေးမည်ဟုဆို

မန္တလေးပတ်စ်ပို့ရုံး၌ တုံကင်စနစ်ဖြင့်သာ ဝန်ဆောင်မှုပြန်ပေးမည်ဟုဆို

မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဦးရာလူတန်းစီစနစ်အစား တုံကင်စနစ်ဖြင့်သာ ပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်း သွားရောက်တန်းစီခဲ့ကြသူများထံက သိရသည်။

“တန်းစီပြုံတိုးနေတာမျိုး မဖြစ်ရအောင် ဒီနေ့ကစပြီး တုံကင်စနစ်နဲ့ပြန်လုပ်ပေးမယ်ဆိုပြီး တုံကင်တွေလိုက်ဝေတယ်၊ အဲဒီတုံကင်စနစ်က အရင်ကလုပ်ခဲ့ဖူးတယ်၊ စားပေါက်မရှိလို့ အဲဒီစနစ်အစား တန်းစီခိုင်းတာ၊ အခုက အပေါ်ကဖိအားပေးလို့ လုပ်ရတာလို့လည်းကြားတယ်” ဟု ယနေ့နံနက်ပိုင်းသွားရောက်တန်းစီခဲ့သည့် ဒေသခံ တဦးကပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစ၍ ယခင်ကဝန်ဆောင်မှုပေးခဲ့သည့်ပုံစံအတိုင်း တုံကင်စနစ်ဖြင့် ပြန်လည် ဝန်ဆောင်မှုပေးသွားရန် ရုံးတာဝန်ရှိသူများက လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် အစောပိုင်းက မန္တလေးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် တိုးဝှေ့ တန်းစီနေသည့် လူအုပ် ရုတ်တရက်လဲပြိုကျရာမှ အမျိုးသမီး နှစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယနေ့မှစ၍ ဦးရာလူတန်းစီစနစ်အစား တုံကင်စနစ်ဖြင့် ပြန်လည်ဝန်ဆောင်မှု ပေးသွားရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“Booking စနစ်နဲ့ လုပ်လိုက်သေးတယ်၊ အဲဒီကနေ တုံကင်စနစ်၊ နောက်တော့ တန်းစီခိုင်းတော့တာပဲ၊ အခု နောက်ပြဿနာတခုထပ်ပေါ်လာတယ်၊ ညစောင့်သမားတွေ ဧည့်စာရင်းတိုင်ရမယ်လို့လည်း ပြောသွားတာ ဆိုတော့ ဒီည အခြေအနေစောင့်ကြည့်ရမှာပဲ၊ တုံကင်ရဖို့ ညကတည်းက စောင့်မယ့်သူတွေအများကြီးပဲ” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။

မန္တလေးတောင်ခြေကုသိုလ်တော်ဘုရားအနီး အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၆၂ လမ်းနှင့် ၆၆ လမ်းကြားရှိ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(အထက်မြန်မာပြည်)တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား  ၂၀၂၃ ခု နှစ်ကုန်ပိုင်းအထိ Onling Booking တင်၍ QR စနစ်ဖြင့်ဝန်ဆောင်မှုပေးခဲ့သည်။

ယခုနှစ်တွင်မူ ဦးရာလူတန်းစီစနစ်ဖြင့် ပြောင်းလဲဝန်ဆောင်မှုပေးခဲ့ရာ နေ့စဉ် တန်းစီသူဦးရေ ၁,၀၀၀ ဝန်းကျင်အထိရှိခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အဆမတန်များပြားသွားပြီး တရက်လျင် လူ ၂၀၀ သာ လက်ခံဆောင်ရွက်ပေးမှုအတွက် တန်းစီသူအရေအတွက် ၁၀,၀၀၀ နှင့်အထက်ရှိခဲ့ကြောင်း သိရသည်။

“အဓိကလုပ်ရမှာက သူတို့ဝန်ထမ်းတွေ မတရားငွေတောင်းပြီး လုပ်နေကြတာတွေကို အရေးယူရမှာ နောက်တခုက ပွဲစားတွေ စကစတွေနဲ့ပေါင်းပြီးလုပ်စားနေကြတဲ့ပွဲစားတွေ၊ ဒါတွေကို စောင့်ဖမ်းလိုက်ရင် ဒီပြဿနာ ပြေလည်ပြီ” ဟု မန္တလေးမြို့ခံ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးကမှတ်ချက်ပြုသည်။

စစ်ကောင်စီဘက်ကတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး တရားမဝင်ငွေကြေးတောင်းခံသူ နှင့် ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဟု ယနေ့ဖေဖော်ဝါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထပ်မံထုတ်ပြန်လာပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်အလုပ်လုပ်ကိုင်လိုသူ များပြားခဲ့သဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် တန်းစီလူအုပ်များ ပြန်လည်ပေါ်ပေါက်လာသည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...