နိုင်ငံရေးလမ်းပြ မြေပုံ ဘုံသဘောထား ရပ် တည်ချက်တွင် မြောက်ပိုင်းမဟာမိတ် အပါအဝင် တိုင်းရင်းသားအားလုံး ပါဝင်လာရေး ကြိုးပမ်းနေဟု NUG ယာယီသမ္မတ ပြော

နိုင်ငံရေးလမ်းပြ မြေပုံ ဘုံသဘောထား ရပ် တည်ချက်တွင် မြောက်ပိုင်းမဟာမိတ် အပါအဝင် တိုင်းရင်းသားအားလုံး ပါဝင်လာရေး ကြိုးပမ်းနေဟု NUG ယာယီသမ္မတ ပြော

NUG ၊ KNU ၊ KNPP နှင့် CNF တို့ စုပေါင်း ကြေညာထားသော နိုင်ငံရေး လမ်းပြမြေပုံ ဘုံသဘောထား ရပ်တည်ချက်ကို KIO ကပါ သဘောတူညီလိုက်ပြီဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ကျန်နေသည့် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ဘုံသဘောထား ရပ်တည်ချက်၌ တိုက်ရိုက်ပါဝင်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြိုကွဲနိုင်ငံတော် မဖြစ်စေရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ချက်အဖြစ် မြင်တွေ့နေရပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) ၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA) စသည့် K3C နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြား သဘောတူညီချက်များက  နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ချက်များကိုတစ်စုံ တစ်ရာအားဖြင့် ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် NUG ၊ KNU ၊ KNPP နှင့် CNF တို့ က နိုင်ငံရေးလမ်းပြမြေပုံ  “ဘုံသဘောထားရပ်တည်ချက်” ကို ကြေညာခဲ့ပြီး ယင်းဘုံသဘောထား ရပ်တည်ချက်တွင် အဓိက ရည်မှန်းချက် နှစ်ရပ်ကြောင်းယာယီသမ္မတက ပြောသည်။

အဆိုပါ နှစ်ချက်မှာ  စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း၊ အဆိုပါ ဘုံသဘောထား ရပ်တည်ချက်သည် NUCC က အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်လည်း ကိုက်ညီကြောင်း ၎င်းက ဆိုသည်။

ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် K3C လို့ခေါ်တဲ့ KIO,KNU, KNPP, CNF များဖြစ်သည့် တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့များအကြားသဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

ထိုသို့ စုရုံးသဘောတူညီမှု ရရှိရာ၌ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် တအာင်းတပ်မတော်(TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီးလည်း ယာယီသမ္မတက အလေးထားပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေး (၃)နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဧရိယာထဲရှိ ကချင်တိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီမှုကို စုစည်းတည်ဆောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံ တောင်ပိုင်းဧရိယာထဲရှိ ကရင်တိုင်းရင်းသားခေါင်းဆောင်များ၏ သဘောတူညီမှုကို လည်း စုစည်းတည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ပြင်  မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီမှု၊  မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ကရင်နီတိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီမှုကို စုစည်း ပေါင်းစပ် နိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

လက်ရှိတွင် ဘုံသဘောတူညီချက်များကို ဖြည့်စွက်စုရုံးကြပြီး ကျယ်ပြန့်သော ပေါင်းစည်းရေးနှင့် နိုင်ငံရေး ဘုံသဘောတူညီချက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်ရှိနေသော တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများ ဘုံသဘောထားရပ်တည်ချက်တွင် ပါဝင်လာရေး အစဉ်တစိုက်ကြိုးပမ်းရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

လက်ရှိ ရရှိထားသည့် ဘုံသဘောထား ရပ်တည် ချက်များသည် ဖြစ်ပေါ်တိုးတက်လာသည့် စစ်ရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ၌ တိုင်းပြည်သစ် / နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဖြည့်စွက်သင့်သည်များကို သဘောတူညီထားသည့် တိုင်းရင်းသား မဟာမိတ် ခေါင်းဆောင်များ၏ လိုလားချက်များနှင့်အတူ စုရုံးသဘောတူ ဖြည့်စွက်ကြရန်လိုအပ်ကြောင်လည်းး ယာယီသမ္မတက ပြောကြားခဲ့သည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...