မြို့တွင်း အိမ်မွေးတိရိစ္ဆာန်များ ဝင်ရောက်မှုများအား အရေးယူသွားမည်

မြို့တွင်း အိမ်မွေးတိရိစ္ဆာန်များ ဝင်ရောက်မှုများအား အရေးယူသွားမည်
by -
ကန္တာရဝတီတိုင်း(မ်)

 မြို့တွင်း လမ်းမများပေါ် အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သည့် ကျွဲ၊ နွား၊ မြင်းများ ဝင်ရောက်လာမှုများအပေါ် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ စည်ပင်သာယာရေး လက်ထောက်ညွန်မှူး ဦးသန်းထွန်းက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

“မြို့ထဲက လမ်းတွေပေါ်မှာ နွားတွေ၊ ကျွဲတွေ ခဏခဏ ဝင်လာတယ်။ ယဉ်တိုက်မှုတွေလည်း ဖြစ်လာတယ်။ ပြီးတော့ မြို့သာယာလှပရေးကို ထိခိုက်လာတယ်”ဟု ပြောသည်။

markarawshae-roks

လက်ရှိတွင် မြို့တွင်း လမ်းများပေါ်၌ နွားများကို စည်းကမ်းမဲ့ ထိန်းကျောင်းမမှုများ ရှိနေသည့်အတွက် ယာဉ်သွားလာမှုများတွင် အခက်အခဲဖြစ်စေကာ မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

ယခင်နှစ်များထက် ယခုနှစ်တွင် ယာဉ်များ သွားလာမှုများပြားလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်လာသည့်နည်းတူ ကျွဲ၊ နွား များပါ ဝင်ရောက်လာမှုများကြောင့် ယဉ်တိုက်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ဆိုင်ကယ်စီးနှင်းသူ မလှဦးက ပြောသည်။

“တစ်ခါတစ်ခါမှာ အရမ်းနဲ့ ဆိုင်ကယ်တွေ၊ ကားတွေက ကျပ်ပါတယ်ဆို နွားတွေ လမ်းအလယ်မှာ ဝင်ဝင်လာတယ် ဘယ်ကမှန်းလည်းမသိဘူး လမ်းမအလယ်မှာကို ရပ်နေ၊ လမ်းလျှောက်နေတာ တချို့ဆို အုပ်လိုက်အုပ်လိုက်ပဲ” ဟု ပြောသည်။

အိမ်မွေးတိရိစ္ဆာန်များကို စနစ်တကျထိန်းသိမ်းထားရေးအတွက် မြို့တွင်း ရပ်ကွက်များသို့ ကြေညာ ထားပြီ ဖြစ်ကြောင်းလည်း သိရသည်။

ယခုလို ကြေညာအပြီးတွင် တိရိစ္ဆာန်များကို ဖမ်းဆီးရမိပါက ပိုင်ရှင်အား ဒဏ်ငွေအဖြစ် တစ်ကောင်လျှင် တစ်သောင်းကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဖမ်းဆီးပေးသူကို ငါးထောင်ကျပ်နှင့် ကျန်ငါးထောင်ကျပ်ကို ဘဏ်တွင် အပ်နှံသွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းကဆိုသည်။

စာကျက်မြေရှားပါးလာမှုနှင့်အတူ ထိန်းကျောင်းမှု ကင်းမဲ့လာရာမှ နွား၊ မြင်း တိရိစ္ဆာန်များ ယခုလို မြို့တွင်း လမ်းမများပေါ်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့မှ နွားမွေးမြူသူ ဦးထွန်းက ပြောသည်။

“တကယ်တမ်းတော့ ထိန်းသင့်ပါတယ်။ မြို့အတွက်လည်း သိက္ခာကျစေတယ်။ သာယာလှပရေး၊ ယာဉ်သွားလာမှုတွေ ထိခိုက်နိုင်တယ်လေ။ ကျနော်တို့လည်း ထိန်းသွားမယ်။ ဒဏ်ငွေ ဆောင်ခိုင်းတာလည်း များပေမယ့် အဲဒီလို လုပ်သင့်ပါတယ်”ဟု ပြောသည်။

မြို့သာယာလှပရေးအတွက် မထိခိုက်စေရန်နှင့်၊ ယဉ်မောင်းသူများအတွက် စိတ်အနှောင့်အယှက်မဖြစ် စေရန် ကျွဲ၊ နွားများအား စနစ်တကျ ထိန်းကျောင်းရမည် ဖြစ်ကြောင်းနှင့် နောက်ပိုင်း တွေ့ရှိသည့်မည်သည့် တိရိစ္ဆာန်ကိုမဆို အရေးယူ သွားမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ဆက်ပြောသည်။

Most read this week