လွိုင်ကော်မြို့တွင်း ဓါတ်ဆီဆိုင်များကို အရေးယူမည်

လွိုင်ကော်မြို့တွင်း ဓါတ်ဆီဆိုင်များကို အရေးယူမည်
by -
ကန္တာရဝတီတိုင်း(မ်)

နွေရာသီ ကာလအတွင်း မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသော ဓါတ်ဆီဆိုင်ငယ်များကို ရောင်းချခြင်း ခွင့်ပြုတော့မည်မဟုတ်ကြောင်း လွိုင်ကော်မြို့နယ် ဒုတိယ အထွထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ကပြောသည်။

“၁၁ ရက်နေ့ နောက်ပိုင်းမှာ ပိတ်ဖို့ပေါ့ စာထုတ်ထားတယ် မလိုက်နာရင်တော့ အရေးယူရမယ်ပေါ့ ” ဟုပြောသည်။

loikawview-roks

လက်ရှိတွင် လွိုင်ကော်မြို့တွင်းတွင် တစ်နိုင်တစ်ပိုင် ရောင်းချနေသော ဓါတ်ဆီဆိုင်ပေါင်းများစွာရှိပြီး မတ်လ ၁၁ရက်နေ့ မှစ၍ လွိုင်ကော်မြို့ဝင်များတွင် သတ်မှတ်ပေးထားသော နေရာများတွင် ရောင်းချသွားရန် တရားဝင်စာထုတ်ထားကြောင်း သိရသည်။

အစိုးရသတ်မှတ်ထားသော မြို့ပြင်နေရာများတွင် ရောင်းချပါက သာမန် တစ်နိုင်တစ်ပိုင် စီးပွားရေးသမားများက ဆီဆိုင်ကြီးများကို မယှဉ်ပြိုင်နိုင်သော်လည်း မိမိအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းကို လိုက်နာမည်ဖြစ်ကြောင်း လွိုင်ကော်မြို့ရွှေတောင်ရပ်ကွက်တွင် ဓါတ်ဆီရောင်းချနေသူတစ်ဦးက ပြောသည်။

“မီးဘေးအတွက်ဆိုတော့လည်း လိုက်နာရမှာပေါ့ ”ဟု ပြောသည်။

လွိုင်ကော်မြို့တွင်းရှိ ဓါတ်ဆီဆိုင်များနှင့် မြို့နှင့်ဆက်စပ်နေသော ကျေးရွာ၊ ရပ်ကွက်များအထိပါ ပိတ်သိမ်းရမည် ဖြစ်ပြီး ဆက်လက်ရောင်းချလိုပါက တရာဝင်သတ်မှတ်ပေးထားသော နေရာများတွင် သွားရောက် ရောင်းချသွားရမည်ဟု သိရသည်။

“သွားထည့်ရမှာတော့ တော်တော်ဝေးတယ်။ လမ်းတစ်ဝတ်လောက်မှာပဲ ငါးရာဖိုးလောက် ကုန်မှာလေ ဒါပေမယ့် ကောင်းပါတယ်။ စည်းကမ်းရှိရှိ ဖြစ်သွားတာပေါ့။ အမြဲတမ်းလုပ်နိုင်ရင်ကောင်းတာပေါ့”ဟု ယာဉ်မောင်းနှင်သူ လွိုင်ကော်မြို့မှ ကိုဖြိုးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

လွိုင်ကော်နောင်ယား (က) ရပ်ကွက်မှ ဆီဆိုင်ဖွင့်ထားသော ဦးဇော်ဝင်းနိုင်ကတော့ “ငါတို့မှာ ရှိတဲ့ဟာလေး ရင်းနှီးပြီးတော့ အန္တရာယ်မဖြစ်အောင်တော့ ငါတို့လုပ်နေကြတာပဲ။ အရောင်းအဝယ်မှာတော့။ ငါတို့ဒါလေး ရောင်းစားနေလို့ငါတို့ဘဝတွေ ရပ်တည်နေကြတာ” ဟုဆိုသည်။

လတ်တလောတွင် လမ်းဘေးဆီဆိုင်များသည် များသထက် များလာပြီး လွန်ခဲ့သော (၃)နှစ်မှာလည်း ၎င်းဆီဆိုင်များကြောင့် မီးလောင်မှု ဖြစ်ပွားခြင်းများလည်းရှိခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။

စက်သုံးဆီဆိုင်များဖွင့်မည်ဆိုလျှင် စွမ်းအင်ဝန်ကြီးဌာနမှာ လျှောက်ရမည်ဖြစ်ပြီး လိုက်နာရမည့်အချက်များ၊ သတ်မှတ်ထားသော အချက်များ ပြည့်စုံမည်ဆိုလျှင် တရားဝင် လျှောက်နိုင်ကြောင်း သိရသည်။

ဓါတ်ဆီမရောင်းချရန် ကန့်သတ်သည့် နေရာများမှာ လွိုင်ကော်မြို့နှင့် ဆက်စပ်နေသည့် ပန်ကန်း၊ မြေနီကုန်း၊ ချိကယ်ကျေးရွာများပါဝင်ပြီး လတ်တလောတွင် လွိုင်ကော်မြို့ပေါ် လူစည်ကားသည့် နေရာများတွင်သာ ကန့်သတ်ထားဦးမှာ ဖြစ်ကြောင်း သိရသည်။

လမ်းဘေး ဆီဆိုင်များကို မပိတ်ဘဲ ဆက်ရောင်းမည်ဆိုပါက ဒဏ်ငွေ(၅)သိန်းဖြင့်သော်လည်းကောင်း၊ ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိ ဖြင့်သော်လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း မီးသတ်ဌာနမှ သိရသည်။

Most read this week