နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေး မဖြစ်နိုင်

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေး မဖြစ်နိုင်
by -
ကန္တာရဝတီတိုင်း(မ်)

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေများ ခိုင်မာစွာ တည်ငြိမ်ခြင်း မရှိသေးသည့်အတွက် ထိုင်းမြန်မာနယ် စပ်က စစ်ပြေးဒုက္ခသည်များအား ပြည်တွင်းသို့ ပြန်လည်နေရာချထားရန် အဆင်သင့်မရှိသေးသည့် အကြောင်းကို ဒုက္ခသည်များအရေး နှိုးဆော်သော ခရီးစဉ်အတွင်း ဗြိတိသျှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန (DFID)တွင် ယင်းဌာန ဝန်ကြီး Desmond Swayne MP နှင့် ဖေဖော်ဝါရီလ ၂၇ရက်နေ့က တွေ့ဆုံစဉ် ကရင်နီဒုက္ခသည်ပင်မကော်မတီ (KnRC) ကိုယ်စားလှယ် ဦးလွှီးဇီက တင်ပြပြောကြားခဲ့ကြောင်း သိရသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ KnRC အတွင်းရေးမှူး ဦးလွီးဇီက “ကျနော်တို့ သူတို့ကိုပြောပြတာက ဒုက္ခသည် အခြေအနေဟာ မပြန်နို်င်သေးဘူး။ မပြန်နိုင်သေးတဲ့ အကြောင်းအရင်းက ဘာတွေလဲဆိုရင် တစ်ခုက အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုက ဘာတစ်ခုမှ တိတိကျကျ မရှိသေးဘူးပေါ့နော်။ ဥပမာ-KNPP KNUတို့နဲ့ အစိုးရအကြား သဘောတူညီမှုက ဘာမှ တိတိကျကျမရှိသေးဘူး။

British-Parliament-Meeting

ပြီးတော့ နောက်တစ်ခုရှိသေးတာက မြန်မာ အစိုးရတပ်က သူတို့ မဆုတ်သေးဘူး။ တိုးတာတွေလည်းအများကြီးရှိသေးတယ် နောက်တစ်ခုက လယ်ယာမြေနေရာတွေက သူတို့သိမ်းတာတွေ အများကြီးရှိသေးတယ်။ သူတို့ပြန်ပေးဖို့က မရှိသေးဘူးဆိုတော့ ဒုက္ခသည်တွေ ပြန်မယ်ဆိုရင် ဘယ်မှာ ပြန်နေကြမလဲဆိုတာ သေချာမသိသေးဘူး” ဟု ပြောသည်။

ဗြိတိန်နိုင်ငံသို့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှ ၂၈ရက်နေ့အထိ သွားရောက်ခဲ့သော ထိုခရီးစဉ်တွင် KnRC အတွင်းရေးမှူး ဦးလွှီးဇီ အပါအဝင် ကရင်အမျိုးသမီးအစည်းအရုံး (KWO) တွဲဖက်အတွင်းရေးမှူး ၁ နော်တာမလာစောနှင့် နယ်စပ် ဒုက္ခသည်များ အကူအညီပေးရေးအဖွဲ့ (TBC) ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Sally Thompson တို့လည်း ပါဝင်ကြောင်းကို KWO ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို ၆ရက်တာခရီးစဉ်တွင် ဗြိတိန်နိုင်ငံ၏ မူဝါဒအရ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရရှိပြီဖြစ်သောကြောင့် နယ်စပ်ဒေသများတွင် ခိုလှုံလျက်ရှိသော ဒုက္ခသည်များအတွက် အကူအညီပေးမှုများ ကို လျှော့ချလာပြီး ပြည်တွင်းကိုသာ အဓိကထား ကူညီလာသည့်အပေါ် ဒုက္ခသည်များ၏ စိုးရိမ်မှုကိုလည်း တင်ပြခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

“အလှူရှင် Department f၀r International Development (DFID) သူတို့က လက်ရှိကျနော်တို့ ဒုက္ခသည်စခန်းတွေကို ကူညီတယ်။ သူတို့ရဲ့ အကူအညီက တကယ်တမ်းတော့ အခုအချိန်မှာ နားပြီးတော့ ပြည်တွင်းကို ကူညီဖို့ပါ။ သူတို့ကို ကျနော်တို့ အခြေအနေကို ပြောပြတော့ အဲလိုဆိုရင် ကျနော်တို့အကူအညီကို ဆက်လက်ကူညီမယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ဖို့ မဖြစ်လာသေးသ၍တော့ ကျနော်တို့ ကူညီနိုင်ဖို့ စဉ်းစားပါမယ်လို့ ပြောပါတယ်”ဟု ဦးလွီးဇီက ပြောကြားသည်။

ယင်းတို့အပြင် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖက်ခြမ်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ရှိနေသေးကြောင်းကိုလည်း ဖေဖေါ်ဝါရီလ ၂၆ရက်နေ့က လေဘာပါတီဘက်မှ အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့စဉ် ဦးလွီးဇီက ပြောပြခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် ဗြိတိန်သျှ လွှတ်တော် အပါအဝင် DFID ဌာနရုံး၊ ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးဌာန၊ Oxford တက္ကသိုလ်ရှိ ဒုက္ခသည်အရေး လေ့လာရေးစင်တာ၊ Burma Campaign UK ၊ Christian Aid ရုံးစသည့် နေရာများသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒုက္ခသည်အရေး နှိုးဆော်မှု များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

TBC ၏ ၂၀၁၄ စက်တင်ဘာလစာရင်းများအရ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည် တစ်သိန်း နှစ်သောင်း ဝန်းကျင်ရှိသည့်အနက် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း တစ်သောင်းခွဲ ဝန်းကျင်ရှိကြောင်း ဖော်ပြထားသည်။

Most read this week