ကရင်နီ ကျောင်းသားသပိတ်အဖွဲ့တွင် ဖောက်ခွဲရေးသမား မပါဝင်

ကရင်နီ ကျောင်းသားသပိတ်အဖွဲ့တွင် ဖောက်ခွဲရေးသမား မပါဝင်
by -
ကန္တာရဝတီတိုင်း(မ်)

လက်ပံတန်းတွင် ပင်မ ဒီမိုကရေစီပညာရေး သပိတ် နှင့် သွားရောက် ပူးပေါင်းခဲ့သော ရှမ်းနှင့် ကယား (ကရင်နီ) ကျောင်းသားသမဂ္ဂ စစ်ကြောင်းတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)က ဖောက်ခွဲရေး သမားတစ်ဦး ပါဝင်သည်ဆိုသည်မှာ မဟုတ်မှန်ဟု လွိုင်ကော် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

ခူးညေးရယ်က “ကျနော်တို့ လူလည်းမဟုတ်ပါဘူး၊ ဖောက်ခွဲရေးသင်တန်း တက်ဖူးတဲ့သူလည်း မဟုတ်ပါဘူး ဆိုတဲ့အကြောင်း ကျနော်နည်းနည်း ရှင်းချင်ပါတယ်” ဟုပြောသည်။

ကျောင်းသား သမဂ္ဂသတင်းလွှာဟု အမည်ပေးထားသော လူမှုရေးကွန်ယက် စာမျက်နှာတွင် မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးမှ လက်နက်ကိုင်အဖွဲ့အစည်းများ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး စကားပြောစက် ကိုင်နေသည့်ပုံများ၊ သေနတ်ကိုင်နေသည့် ပုံများဖြင့် ကျောင်းသားသပိတ်၌ KNPP ဖောက်ခွဲရေး သင်တန်းဆင်းတစ်ဦးပါ၀င်နေသည့်အတွက် လုံခြံုရေး သတိထားကြရန် အသိပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုလူငယ်မှာ လွိုင်ကော်တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား စောရန်နိုင်ဖြစ်ပြီး ကယားကျောင်းသားများ သမဂ္ဂ(KSSU) အဖွဲ့ဝင် ဖြစ်သည်ဟု သိရသည်။

သူ၏ ဖခင်မှာ KNPP ပိုင် ကယားဌာနေ ကုမ္ပဏီ ဝန်ထမ်းဖြစ်သည့်အတွက် ရဲဘော်များနှင့် တွေ့ဆုံစဉ်တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ခူးညေးရယ်က ပြောသည်။

လူမှုကွန်ယက်စာမျက်နှာသတင်းမှာ စွပ်စွဲဝါဒဖြန့်သည့် သတင်းဖြစ်ကြောင်း “ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များအဖွဲ့ချုပ်” လူမှုကွန်ယက်စာမျက်နှာတွင် ရှင်းလင်းထားသည်။

ကာယကံရှင် စောရန်နိုင်ကလည်း "မတ်လ၁၀ရက်၂၀၁၅ခုနစ် နံနက် ၉နာရီ ၂၂မိနစ်တွင် ကျောင်းသားသမဂ္ဂ သတင်းလွှာတွင် တက်လာသော ကျနော့်၏သတင်းမှာ မှားယွင်းပြီး တောင်တန်း ကျောင်းသားများနင့် မြေပြန့် ကျောင်းသားများ ပူးပေါင်းမှုကို အလိုမရှိသူ အစိုးရ၏ တောင်ပေါ်မြေပြန့် သွေးခွဲစေလိုသည့် လုပ်ရပ်သာဖြစ်သည်ဟု ကျနော် ယူဆပါသည်" ဟု မတ်လ ၁၃ရက်နေ့တွင် ၎င်း၏ ကိုယ်ပိုင် ဖေ့ဘွတ်(Facebook) စာမျက်နှာပေါ်၌ ပြန်လည် ချေပပြောဆိုလိုက်သည်။

ကျောင်းသားတစ်ဦးကိုဖောက်ခွဲရေးသမားအဖြစ် စွပ်စွဲရေးသားဝါဒဖြန့်ခဲ့ခြင်းကို KNPP သာမက ကရင်နီပြည် ကျောင်းသားသမဂ္ဂနှင့် ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY)ကလည်း  မဟုတ်မှန်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Most read this week