ဂျပန်တွင် အလုပ်ဝင်မည့် အမျိုးသမီး များကို သင်တန်းစပေးပြီ

ဂျပန်တွင် အလုပ်ဝင်မည့် အမျိုးသမီး များကို သင်တန်းစပေးပြီ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ဂျပန်သို့ အလုပ်လုပ်ကိုင်စေရန် သွားရောက်မည့် အမျိုးသမီး လူငယ်များကို ဘာသာစကားနှင့် လုပ်ငန်းဆိုင်ရာ သင်တန်းများစတင်ပို့ချပေးနေပြီဖြစ်ကြောင်း သင်တန်းပို့ချရေးကို တာဝန်ယူ ဆောက်ရွက်ပေးသည့် TOWARDS 21 SERVICES CO .Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးသန့်ကပြောသည်။

“ခုက မိန်းကလေးသင်တန်း စဖွင့်တာပေါ့ တိုင်းရင်းသူ အမျိုးသမီးလေးတွေဆိုတော့ နိုင်ငံရပ်ခြားမှာ အလုပ်သွား လုပ်ကိုင်ရမယ်ဆိုတော့ ကြောက်ကြတယ် လူတစ်ရာ လောက်မှန်းထားတာ ခုနှစ်ဆယ်ကျော်နဲ့ပဲ ဖွင့်ဖြစ်လိုက်တယ်ပေါ့” ဟုပြောသည်။

loikaw

အမျိုးသမီးလူငယ်များကို ပြီးခဲ့သော မတ်လ ၅ရက်နေ့က သင်တန်းစတင်ပို့ချပေးနေခြင်းဖြစ်ပြီး သင်တန်း ကာလမှာ ၄လ ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း အမျိုးသား(၁၀၀)ဖြင့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ တစ်လ တစ်ကြိမ် စာမေးပွဲများပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးမျိုးသန့်က ဆက်ပြောသည်။

သင်တန်းသားတဦးက ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်မှာ မိမိအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးတခု ဖြစ်နေကြောင်း ပြောသည်။ သို့သော်လည်း လက်ရှိနိုင်ငံအတွင်း အလုပ်ကိုင်ရှားပါးသည်က တစ်ကြောင်း၊ ဝင်ငွေနည်းပါးသည့်အတွက် ယခုလို နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်လိုကြောင်း အဆိုပါ သင်တန်းသားတစ်ဦးက ပြောသည်။

“ဒီမှာပဲဆို ဆယ်တန်းအောင်ဘွဲ့ရတာတောင်မှ အလုပ်ရဖို့ ဝင်ငွေကောင်းဖို့ဆိုတာ အရမ်းခက်တယ်၊ ကျနော် ဂျပန်မှာ သွားလုပ်မယ်ဆို ဝင်ငွေကောငး်ကောင်းရမယ် ပြီးတော့ ပြန်လာရင် အဲဒီက ပညာတွေနဲ့ ပြန်လုပ်စားမယ်။ အဲဒီလို ရည်ရွယ်ချက်ရှိတယ်” ဟု အသက် ၂၁ နှစ်အရွယ် သင်တန်းသား တစ်ဦးကပြောသည်။

ကယားပြည်နယ်တွင်းမှ နေထိုင်သူများကို ဦးစားပေးရွေးချယ်ခြင်းဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်ကာ ဂျပန်သို့ သွားရောက်ရန် ကျပ်သိန်း (၃၀) ကုန်ကျမည်ဖြစ်သည်။

ကုန်ကျစရိတ်ကို ဗီဇာရရှိ၍ စတင်ထွက်ခွာချိန်တွင် ငါးသိန်း ပေးဆောင်ရမည်ဖြစ်ပြီး ကျန်သည့် နှစ်ဆယ့် ငါးသိန်းအား အလုပ်လုပ်ကိုင်ရင်း ပေးသွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

ပြင်ပ အလုပ်အကိုင် ရှာဖွေရေးအင်ဂျင်စီများမှ လျှောက်ထားသောအခါ တစ်ယောက်လျှင် ကျပ်သိန်းခြောက်ဆယ်ခန့် ကုန်ကျသည့်အတွက် အချို့လျှောက်ထားသူများက ငွေးကြေးအကြပ်အတည်း များကြောင့် အခက်အခဲများ ကြံုနေကြရကြောင်း သိရသည်။

၎င်းအခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် အေဂျင်စီတို့ ပူးပေါင်း၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးတွင် သိန်း (၃၀)ထက် ပိုမယူရကြောင်း ဥပဒေတစ်ရပ်ကိုလည်း ထုတ်ပြန်ထားသည်ဟု ဦးမျိုးသန့်ကပြောသည်။

ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိသော လူငယ်များအနေဖြင့် ဘာသာစကားကို ကျွမ်းကျင်ရန် လေ့လာသင့်ကြောင်းနှင့် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဥပဒေများနှင့် အညီနေထိုင်သွားရန် လိုအပ်သည်ဟု ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မခင်စန္ဒာအောင်က ပြောသည်။

“ကျမတို့ နိုင်ငံနဲ့က ဝင်ငွေရတာချင်း အရမ်းကွာတယ် ဟိုမှာက တစ်နေ့ကို ရှစ်နာရီပုံမှန် အလုပ်လုပ်ရ တယ် မြန်မာငွေနဲ့ဆို ခြောက်သောင်းလောက်ရတယ် ဒီမှာက မဖြစ်နိုင်ဘူးလေး အဲဒီတော့ ကြိုးစားလေ ရလေပဲ” ဟုပြောသည်။

မကြာမီတွင် ဂျပန် ကားအပိုပစ္စည်း ကုမ္ပဏီမှ လာရောက်ပြီး ယောင်္ကျားလေး ငါးဦးနှင့် မိန်းကလေး သုံးဦးခန့်ကို အင်တာဗျူး ခေါ်ယူရန်ရှိပြီး Warabeya (nichiyo) ဆိုသည့် ဂျပန်မှ ထမင်းဘူးထုတ်လုပ်သည့် ကုမ္ပဏီမှလည်း အမျိုးသမီး အယောက် (၇၀) လာရောက်ခေါ်ယူဖို့ရှိကြောင်း ဦးမျိုးသန့်ကပြောသည်။

ကယားပြည်နယ်တွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ စသည့် မြို့နယ်များမှ လူငယ်များ လာရောက်လျှောက် ထားပြီး သင်တန်းတက်ရောက်နေကြကြောင်း သိရသည်။

Most read this week