အမဲရောင်နယ်မြေ၌ ရွေးကောက်ပွဲကာလတွင် ရဲနှင့်တပ်မတော် ပူးပေါင်းလုံခြံုရေးယူမည်

အမဲရောင်နယ်မြေ၌ ရွေးကောက်ပွဲကာလတွင် ရဲနှင့်တပ်မတော် ပူးပေါင်းလုံခြံုရေးယူမည်
by -
ကန္တာရဝတီတိုင်း(မ်)

ရွေးကောက်ပွဲတွင် မဲရုံနှင့် ဝေးသောနယ်စပ်ဒေသ၊ ယခင် အမဲရောင်နယ်မြေဟု သတ်မှတ်ထားသည့် နယ်မြေများတွင် လုံခြံုရေးရဲတပ်ဖွဲ့များက တပ်မတော်အင်အားနှင့် ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်သည်ဟု လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးမြအောင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ရှိ မြို့နယ်တိုင်း၌ အမဲရောင်နယ်မြေများအဖြစ် သတ်မှတ်ထားသော မဲဆန္ဒနယ်မြေများ ရှိခဲ့ကြပြီး လုံခြံုရေးကန့်သတ်ချက်ကြောင့် ကျေးရွာအုပ်စု ၂၇ အုပ်စုတွင် မဲရုံမဖွင့်နိုင်ခဲ့ပေ။

ထို့ကြောင့် ရွေးကောက်ပွဲကာလမတိုင်မီနှင့် ပြီးဆုံးသွားသည်အထိ လုံခြံုရေးအတွက် တာဝန်ယူ ဆောင် ရွက်နိုင်ရေးအတွက် ဆင့်ပွားသင်တန်းကို လွိုင်ကော်ခရိုင်ရဲတပ်ဖွဲများက ၅ရက်သင်တန်း စတင်ပို့ချနေပြီ ဖြစ်သည်ဟု သိရသည်။

ရွေးကောက်ပွဲ လုံခြံုရေးအတွက် ရဲတပ်ဖွဲ့ဝင်များသည် ကာလအပိုင်းအခြားပေါ်မူတည်ပြီး တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဦးမြအောင်က ပြောသည်။

“ကျနော်တို့ပို့ချမယ့် ဘာသာရပ်ရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါမှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲ မတိုင်မီကာလဆိုတဲ့ အပိုင်းတစ်ပိုင်း၊ ကျင်းပဆဲ ကာလကတစ်ပိုင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကာလတစ်ပိုင်း ကာလအပိုင်းအခြား (၃) ခု ပိုင်းခြားပြီးတော့မှ ဘယ်အပိုင်းအခြားက လုံခြံုရေးကိစ္စတွေကို ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်” ဟု ဦးမြအောင်က ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် တာဝန်ပေးထားသည့် အဖွဲ့များနှင့်လည်း အတူပူးပေါင်းပြီး ရွေးကောက်ပွဲ ဆိုင်ရာ လုံခြံုရေးတာဝန်ကို ရဲတပ်ဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါသည်။

ရွေးကောက်ပွဲတွင် လုံခြံုရေးတာဝန်ယူနေကြရသည့် ရဲတပ်ဖွဲ့များထဲမှ မိမိတို့ မဲပေးမည့်နေရာနှင့် အဝေးသို့ တာဝန်ထမ်းဆောင်ရမည့် သူများသည် ကြိုတင်မဲပေးသည့် စနစ်ဖြင့် မဲပေးရမည်ဖြစ်ပြီး၊ မဲပေးရမည့်မဲရုံနှင့် နီးစပ်သည့်နေရာတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များကမူ မဲပေးရမည့်နေ့တွင်သာ မဲသွားပေးရမည်ဖြစ်ကြောင်း သိရသည်။

Most read this week