JAPAN HEART အဖွဲ့မှ ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် အခမဲ့ ဆေးကုသပေး

JAPAN HEART အဖွဲ့မှ ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် အခမဲ့ ဆေးကုသပေး
by -
ကန္တာရဝတီတိုင်း(မ်)

ဂျပန်အခြေစိုက် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ JAPAN HEART နှင့် ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒီးမော့ဆိုမြို့နယ်မှ ပြင်ပလူနာများအား ပထမဆုံးအနေဖြင့် ဒီးမော့ဆိုဆေးရုံတွင် မတ်လ ၁၀ရက်နေ့က အခမဲ့ ဆေးကုသပေးခဲ့သည်။

JAPAN HEART ကျန်းမာရေးဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံမှ ဆရာဝန်ကြီးများက ထူထောင်ကြပြီး ယခင်ဂျပန်စစ်အတွင်း ဂျပန်ကြောင့် မြန်မာထိခိုက်နစ်နာမှုများ ရှိခဲ့သဖြင့် ပြန်လည်အကူအညီပေးသည့် အနေဖြင့် ကျန်းမာရေးအပိုင်းတွင် လာရောက် ကူညီကုသပေးခြင်း ဖြစ်သည်ဟု သိရသည်။

japan-heart-roks

“ကျန်းမာတဲ့သူကို ဆေးဝါးကုသပေးတယ်၊ မတတ်နိုင်တဲ့လူတွေကို စရိတ်ငြိမ်း ခွဲစိတ်ကုသပေး တယ်၊ နှား၊ နှာခေါင်းကလွဲရင် ကျန်တဲ့ ရောဂါတွေ အကုန်ကြည့်ပေးပါတယ်၊ လည်ပင်းကြီး၊ နုတ်ခမ်းကွဲ၊ အကြိတ် စသည့်ရောဂါတွေ ကုသပေးတယ်။ စရိတ်မတတ်နိုင်တဲ့ လူနာတွေကို အသွားအပြန် ကားခ၊ စားစရိတ်တွေ စရိတ်ငြိမ်းခေါ်ပြီးတော့ ကုသပေးတယ်” ဟု ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းကပြောသည်။

ယခုကဲ့သို့ ကုသနိုင်ရန် မိခင်နှင့်ကလေး စောင့်ရှောက်မှုအဖွဲ့မှ လက်လှမ်းမှီသည့်မြို့နယ်များကို အထွေထွေ ဦးစီးဌာနမှတဆင့် ရပ်ကွက်၊ ကျေးရွာများရှိ လူနာများကို ကြိုတင်အကြောင်းကြား၍ အသိပေးထားခြင်းဖြစ် သည်။

JAPAN HEART အဖွဲ့မှ ဂျပန် ဆရာဝန် တစ်ဦး၊ ဂျပန် သူနာပြု သုံးဦး၊ မြန်မာဆရာဝန် တဦး၊ မြန်မာသူနာပြု တဦး၊ စကားပြန်တစ်ဦးနှင့် JAPAN HEART ဌာနေကိုယ်စားလှယ်များက လိုက်ပါပြီး ကုသပေးနေသည်။

လာရောက်ကုသခံယူနေသည့် ဒေါသော်ကူးကျေးရွာနေ ဦးစိုးရယ်က “ဗိုက်နာတယ်။ သူတို့ စမ်းကြည့်ပြီး ဆေးပေးတယ်။ သက်သာမယ်လို့ မျှော်လင့်ပါတယ်။ နည်းနည်း အစာစားမှားရင် နာပြီ။ ဆေးရုံမှာလည်း တစ်ခါနှစ်ခါ ပြဖူးတယ်” ဟုပြောသည်။

ပထမဆုံးအကြိမ် စမ်းသပ်သောအနေဖြင့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် ပြည်သူ့ဆေးရုံများတွင် မတ်လ ၁၀ရက်၊ ၁၁ ရက်တွင် ကုသပေးသွားမှာဖြစ်ပြီး လာမည့်နှစ်များတွင် တစ်နှစ်လျှင် နှစ်ကြိမ် ထပ်မံကုသပေးမည်ဟု သိရသည်။

Most read this week