ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့် ဘတ်ဂျက် ဖရူဆိုမြို့နယ် ရွေးချယ်ခံရ

ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့် ဘတ်ဂျက် ဖရူဆိုမြို့နယ် ရွေးချယ်ခံရ
by -
ကန္တာရဝတီတိုင်းမ်

ကမ္ဘာ့ဘဏ်မှ  ဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ပေးမည့် ကျပ်သန်း ၁၂၀ကို ကယားပြည်နယ်တွင်း စီမံကိန်း စတင် အကောင်အထည်ဖော်မည့် မြို့နယ်ကို ဖရူဆိုမြို့နယ်အဖြစ် မတ်လ ၆ရက်နေ့တွင် လွိုင်ကော်မြို့တော်ခန်းမ၌ပြု လုပ်သော  အခမ်းအနားတွင်  ရွေးချယ်ခဲ့ကြသည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒု-ဦးစီးမှူး ဦးလှခိုင်က ကန္တာရဝတီတိုင်းမ် သို့ပြောသည်။

“ဆင်းရဲတဲ့ မြို့နယ်ဖြစ်ရမယ် တခြားအကူအညီ အထောက်အပံ့ မရှိတဲ့မြို့နယ် (သို့) ထောက်ပံ့မှု နည်းတဲ့ မြို့နယ်တွေဖြစ်ရမယ် အဲဒီလိုသတ်မှတ်ပေးထားတယ်” ဟု  ဦးလှခိုင်က ပြောသည်။

ရွေးချယ်ရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs ၊ NGOs) များနှင့် ဌာနဆို်င်ရာကိုယ်စား လှယ်များ၊ လူမှုအသင်းအဖွဲ့များတို့ထံမှ အကြံညာဏ်ရယူခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် ကယားပြည်နယ်ရှိ မြို့ ရ မြို့အနက် ဖွံ့ဖြိုးမှု အနှောင့်နှေးဆုံးမြို့နယ်များကို ရွေးချယ်ခဲ့ရာ တွင်  ပထမ ဖရူဆိုမြို့နယ်၊ ဒုတိယ ဖာဆောင်းမြို့နယ်၊ တတိယ ဒီးမောဆို မြို့နယ်တို့ကို ရွေးချယ်ခဲ့ပြီး ပထမဦးစားပေးအနေဖြင့် ဖရူဆိုမြို့နယ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

လူဦးရေ သုံးထောင်အောက်ရှိသည့်မြို့ကို ကျပ်သန်း ၂၀၊ သုံးထောင်မှ ငါးထောင်ရှိလျှင် ကျပ်သန်း ၄၀၊ ငါးထောင်မှ ကိုးထောင်ထိရှိလျှင် ကျပ်သန်း ၆၀၊ ကိုးထောင်အထက်ရှိသည့်မြို့နယ်ကို ကျပ်သန်း ၁၂၀ တို့ကို သုံးနှစ်ဆက်တိုက် ထောက်ပံ့မည်ဖြစ်သည့်အတွက် လူဦးရေကိုအခြေခံ၍လည်း ရွေးခြယ်ခဲ့ကြရသည်ဟု သိရသည်။

“ဖရူဆိုမြို့ရွေးလိုက်တယ်ဆိုတာက လူဦးရေပိုများလို့။ ဘတ်ဂျက်က လူဦးရေအပေါ်ကြည့်ပြီး ပေးတယ် ဆိုတော့လေ။ အမှန်တကယ် ဖွံ့ဖြိုးမှုနှောင့်နှေးတာက ရှားတောမြို့တွေပေ့ါ။ ဒါပေမယ့် ရှားတောမြို့တွေက လူဦးရေနည်းတော့ အခြေနေအရ ဖရူဆိုမြို့ကို ရွေးလိုက်တယ် မမျှတသလိုတော့ ဖြစ်တာပေါ့” ဟု ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO)မှ ဆရာမ မီးမီးကပြောသည်။

ရရှိလာသည့် ဘတ်ဂျက်များကို ဒီမိုကရေစီကျင့်စဉ်ဖြင့် အောက်ခြေအဆင့်ကျေးရွာ လူထုမှ ရွေးချယ် သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကျေးရွာလူထုများကိုလည်း နည်းလမ်းကျကျ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဦးလှခိုင်က ပြောသည်။

စီမံကိန်းကို ၂၀၁၅- ၂၀၁၆ ခုနှစ် ဘတ်ဂျက်တွင် ဖရူဆိုမြို့နယ်တွင်၂၀၁၅  ဧပြီလတွင် စတင်အကောက် အထည်ဖော် သွားမည်ဟု သိရသည်။ ဖရူဆိုမြို့နယ်အတွင်းတွင် ကျေးရွာစုစုပေါငး် ၁၁၅ ရွာ ရှိသည်။

Most read this week