မြေယာများအတွက် တပ်မှ လျော်ကြေးပေးဆောင်ပြီးကြောင်း ပြောဆိုသည့်အပေါ် မိုးဗြဲတောင်သူများ ငြင်းဆို

မြေယာများအတွက် တပ်မှ လျော်ကြေးပေးဆောင်ပြီးကြောင်း ပြောဆိုသည့်အပေါ် မိုးဗြဲတောင်သူများ ငြင်းဆို
by -
ကန္တာရဝတီတိုင်းမ်

ခမရ (၄၂၂) မှ သိမ်းယူထားသော မိုးဗြဲတောင်သူများ၏ မြေယာများအတွက် လျော်ကြေးငွေပေးပြီးကြောင်း ပြောဆိုသည့်အပေါ်  မဟုတ်မှန်ကြောင်း မတ်လ ၃ရက်နေ့က ရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ကာ မိုးဗြဲတောင်သူများမှ ငြင်းဆိုခဲ့သည်။

“တကယ်တော့ ဘာမှမပေးရသေးဘူး။ ဘယ်သူမှလည်းမယူဘူး။ လက်မှတ်တွေလည်း အတုလုပ်ထားတယ် လက်မှတ်ထိုးတယ်ဆိုတဲ့ တောင်သူတွေထဲက တချို့ရှိသေးတယ် သူတို့ကိုမေးကြည့်တော့လည်း လျော်ကြေး တခါမှ မယူဖူးသလို လက်မှတ်လည်းမထိုးဘူး” ဟု မိုးဗြဲတောင်သူအရေး လုပ်ရှားသူ ကိုအောင်မျိုးခန့်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

moe-byae

တပ်သိမ်းမြေယာများနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်သို့ သွားရောက်တွေ့ဆုံခဲ့ပြီး တပ်မှ လျော်ကြေးငွေများကို ၂၀၀၁ ခုနှစ်က ပေးဆောင်ထားပြီးဖြစ်ကြောင်းပြောပြီး တောင်သူ ၁၀ဦး၏ လက်မှတ်များကို ပြသခဲ့ပြီးနောက် ယခုလိုရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီလိုလိမ်တာတွေကို ကျနော်တို့က ခေါ်ရှင်းတာပေါ့ သူတို့က မတတ်ရောက်ခဲ့ကြဘူး ဒါသူတို့လိမ်တာ ပေါ်လွင်နေတာပဲ” ဟု ကိုအောင်မျိုးခန့်ကပြောသည်။

၁၉၉၂ ခုနှစ်ကတည်းက မြေဧကပေါင်း (၁၃၅၇) ဧကကို ခမရ(၄၂၂)တပ်ရင်းမှ သိမ်းယူထားခြင်းဖြစ်သည်။

လက်ရှိတွင် မိုးဗြဲတောင်သူများအနေဖြင့် မြေဧက  (၂၈၁) ဧကကို ပြန်လည်တောင်းဆိုလျှက်ရှိပြီး ဆန္ဒဖော်ထုတ်မှု နှစ်ကြိမ်နှင့်အတူ အစိုးရဌာနများသို့ မြေယာများ ပြန်လည်တောင်းဆိုသည့် စာများကိုလည်း အကြိမ်ကြိမ် ပေးပို့ထားကြောင်း ကိုအောင်မျိုးခန့်က ဆက်ပြောသည်။

“တောင်သူတွေ ပိုင်ဆိုင်တဲ့မြေ သူတို့မြေပေါ့ ပြန်ပေးသင့်ပါတယ် လူထုတွေ အဆင်ပြေတာကိုပဲ မြင်ချင် တယ်လေ မြေတွေ အများကြီးကို သိမ်းထားတာတော့ ဘယ်ကောင်းမလဲပေါ့” ဟု မိုးဗြဲ ရပ်မိရပ်ဖ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

စစ်တပ်မှ လျော်ကြေးငွေပေးထားကြောင်း ဖော်ပြထားသော စာရင်းများမှာ အမှန်မဟုတ်သည့်အတွက် လက်ရှိ သိမ်းယူထားသော မြေယာများ ပြန်လည်ရရှိရေးအတွက် ကရင်နီပြည် တောင်သူလယ်သမားများ သမဂ္ဂမှ ကူညီလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း  သမဂ္ဂ ဥက္ကဌ ဦးသဲရယ်ကပြောသည်။

“အခုကြားနေရတဲ့အပေါ်မှာ တပ်အနေနဲ့ ဒါမျိုးမလုပ်သင့်ဘူးလို့ ကျနော်မြင်တယ် နောက်ပြီး သိမ်းယူခံထားရတဲ့ ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် စာရင်းတွေ သေချာလုပ်ခိုင်းထားတယ် သမဂ္ဂအနေနဲ့ တောင်သူတွေအတွက် လုပ်ဆောင်ပေးသွားမယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

လယ်ယာမြေ စုံစမ်းရေးကော်မရှင်အဖွဲ့များမှ လာရောက်စုံစမ်းခဲ့ပြီး မြေယာပြန်လည်အပ်နှင်းရန်အတွက် သက်ဆိုင်ရာမြို့နယ်သို့ ညွန်ကြားကာ မြို့နယ်မှတစ်ဆင့် တပ်သို့ ထပ်ဆင့်အကြောင်းကြားထားကြောင်း သိရသည်။

သို့သော်လည်း တပ်မှတစုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ကိုအောင်မျိုးခန့်က ဆိုသည်။

သိမ်းဆည်းထားသည့် မြေယာများကို ၂၀၁၂ခုနှစ်ထိ သီးစားခပြန်ချ၍ တောင်သူများ စိုက်ပျိုးခွင့်ရရှိခဲ့ပြီး နောက်ပိုင်းတွင် စိုက်ပျိုးခွင့်မပေးတော့ကြောင်းနှင့် ဝင်ရောက်စိုက်ပျိုးပါက တရားစွဲမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ယခုအခါတွင် အဆိုပါတပ်မှ တောင်သူအများစု၏ နှစ်ရှည်ပင် သီးနှံစိုက်ခင်းများအထိပါ သိမ်းယူ၍ သုံးစွဲနေကြောင်း သိရသည်။

Most read this week