ကယား-ရှမ်း ကျောင်းသားများ လွိုင်ကော်မြို့တွင် ဒီမိုကရေစီ ပညာရေး သပိတ် စတင်

ကယား-ရှမ်း ကျောင်းသားများ လွိုင်ကော်မြို့တွင် ဒီမိုကရေစီ ပညာရေး သပိတ် စတင်
by -
ကန္တာရဝတီတိုင်းမ်

တိုင်းရင်းသား ကျောင်းသား သမဂ္ဂများ ဖြစ်သည့် ကယား(ကရင်နီ)ပြည်နယ် ကျောင်းသားများသမဂ္ဂ နှင့် ရှမ်းပြည်နယ်လုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း မတ်လ ၆ရက်နေ့ မနက် ၈ နာရီတွင် ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှ စတင်ချီတက်မှုများ ပြုလုပ်နေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုဝင်းနိုင်ဦးက “ကျနော်တို့က ဒီ(၁၁)ချက်ကို ကျောင်းသားတွေကို ချပြချင်တာပါ။ ကျနော်တို့ ဘာလို့ ဒါကိုတောင်းဆိုချင်တာလဲ။ ကောင်းတယ် မကောင်းဘူးဆိုတာ။ ဆရာမတို့ကိုယ်တိုင်လည်းသိပြီးသားဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ရဲဘော်ရဲဘက်ချင်း ဒီ(၁၁)ချက်ကို ချပြဖို့ပဲလာတာ” ဟု ပြောသည်။

student-demos

ကျောင်းသားထုအားအကြမ်းဖက်မှု အလိုမရှိ၊ လေးပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်များ အမြန်ဆုံး အတည်ပြုပြဌာန်းရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ရရှိရေး၊ ဒီမိုကရေစီပညာရေး အရေးတော်ပုံ အောင်ရမည် စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

ကျောင်းသားသပိတ်အဖွဲ့များ လွိုင်ကော်မြို့ပေါ်ရှိ တက္ကသိုလ်များတွင်းသို့ ဝင်ခွင့်တောင်းဆိုခဲ့ကြသော်လည်း ကျောင်းဝင်းတံခါးများ ပိတ်ထားပြီး အဆိုပါတံခါးများရှေ့တွင် ဆရာ/မများက တန်းစီပိတ်ထားကြသည်။

လွိုင်ကော်မြို့တစ်မြို့လုံးတွင် ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ ကျောင်းသူ၊ သားများ လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်ခွင့် ပြုထားသည့်အတွက် ကျောင်းဝင်းတွင်းသို့ တခြားသော ပညာသင်ကြားနေသည့် ကျောင်းသူ/သားများအား ဝင်ရောက်မနှောက်ယှက်စေလိုကြောင်း လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းကြည်က သပိတ်မှောက်ကျောင်းသားအဖွဲ့အား ပြောသွားသည်။

“လျှောက်တာ မလျှောက်တာ သားတို့အပိုင်း။ ကျောင်းတွေမှာတော့ ပြဿနာမပေးစေနဲ့။ အခုက စာမေး ပွဲတွေ ဖြေနေတယ်” ဟု ဒေါက်တာ အောင်ဝင်းကြည်က ပြောသည်။

နည်းပညာတက္ကသိုလ် မှ ဒေါက်တာလဲ့လဲ့ဖြူက “၀င်ခွင့်မပေးတာမဟုတ်ဘူး။ အခုကျောင်းက ကျောင်းတက် ချိန်ဆိုလို့ရှိရင် တံခါးကို ပိတ်ထားလိုက်တာလေ။ အခုအထဲမှာ သားတို့ ညီငယ်၊ ညီမငယ်တွေ စာသင်နေကြတယ်။ တချို့ကျလည်းပဲ သင်ခန်းစာပြီးလို့ အိမ်မှာစာကျက်နေကြတယ်” ဟု ပြောသည်။

သပိတ်စစ်ကြောင်းတွင် ရှမ်းပြည်နယ်မှ တက္ကသိုလ်ကျောင်းသူ/သားများနှင့် လွိုင်ကော်မြို့မှ တက္ကသိုလ် ကျောင်းသူ/သားစုစုပေါင်း ၂၀ဦးသည် မနက်ပိုင်းတွင် လွိုင်ကော်မြို့တွင်း စီတန်းလှည့်လည်သွားပြီး မွန်းလွှဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ညနေပိုင်းတွင် ဖယ်ခုံမြို့အထိ ချီတက်သွားမည်ဟု သိရသည်။

ထို့နောက် တောင်ကြီးသို့ဆက်လက်ချီတက်သွားပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ပင်မသပိတ်နှင့် ပူးပေါင်းသွားရန် စီစဉ်ထားကြောင်းသိရသည်။

ကယား(ကရင်နီ)ပြည် ကျောင်းသားများသမဂ္ဂ(KSSU) ဥက္ကဌ ခွန်ရဲမင်းကျော်က “ကျနော်တို့က ဆရာ၊ ဆရာမတွေကို တစ်စုံတစ်ရာ တိုက်ခိုက်ခြင်းလည်း မဟုတ်ပါဘူး။ ကျနော်တို့သာ စနစ်မကောင်းလို့ စနစ်တောင်းနေတာပါ” ဟု ပြောသည်။

မတ်လ ၄ရက်နေ့တွင် ကယား(ကရင်နီ)ပြည်နယ် ကျောင်းသားများသမဂ္ဂ နှင့် ရှမ်းပြည်နယ်လုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂတို့မှ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန် ကြေငြာခဲ့ပြီး ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းအား အစိုးရ အနေဖြင့် အကြမ်းဖက်မှုများအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာ မိမိတို့ဒေသများတွင်လည်း ဒီမိုကရေစီ ပညာရေးနှင့်ပတ်သက် ၍ ကျောင်းသားသပိတ်အား အရှိ်န်အဟုန်ဖြင့် ပြုလုပ်သွားကြမည် ဖြစ်ကြောင်းတို့ ပါရှိသည်။

Most read this week