တိုင်းရင်းသားစာပေ သင်ကြားသူများ လစာခံစားခွင့် ရသင့်

တိုင်းရင်းသားစာပေ သင်ကြားသူများ လစာခံစားခွင့် ရသင့်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ) မျိုးနွယ်စုများတို့၏ တိုင်းရင်းသားစာပေများကို ကယား(ကရင်နီ)ပြည်နယ်တွင်းရှိ ကျောင်းများတွင် ကျောင်း ချိန်ပြင်ပတွင် သင်ကြားပေးနေသည့် ကျောင်းဆရာ/မများ လစာ ခံစားခွင့်ရသင့်သည်ဟု ပြည်နယ် တိုင်းရင်းသားရေး ရာကော်မတီမှ ဦးအန်ဒြေးယာမီးက မတ်လ ၄ရက်နေ့တွင် ပြောသည်။

“တန်းတူအခွင့်အရေးကတော့ ရရမယ်လေ။ ထောက်ပံ့ကြေးရတာမရတာ ဘယ်လိုချိတ်ဆက်လုပ်နေကြလဲဆိုတာတော့ မသိဘူး။ ထောက်ပ့ံကြေးရဖို့ သူ့ဆိုင်ရာဆိုင်ရာ လုပ်သွားရမှာပဲ” ဟု ဦးအန်ဒြေးယာမီးက ပြောသည်။

bed-roks

အစိုးရအသိအမှတ်ပြုထားသည့် ကယားမျိုးနွယ်စု တိုင်းရင်းသား ၉ မျိုးထဲတွင် ကယန်း၊ ကယား၊ ဂေဘားနှင့် ကယော စာပေတို့ကို တရားဝင် အသိအမှတ်ပြုထားပြီး ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့်ပေးထားလိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားစာပေပြန့်ပွားနိုင်ရေးနှင့် ရေရှည်ထိန်းသိမ်းထားနိုင်စေရေးအတွက် အဓိကကျောင်းတွင် ကူညီပေးနေသည့် စေတနာရှင် ဆရာ၊ ဆရာမများအား ထောက်ပံ့ကြေးပေးသင့်သည်ဟု အကြံပြုပြောဆိုသွားပါသည်။

၂၀၁၄ခုနှစ် သြဂုတ်လ ၂၉ရက် ဒီးမော့ဆိုမြို့နယ် ပညာရေးမှူးရုံး၌ တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ/မများအစည်းအဝေးတွင် ဌာနဆိုင်ရာအကြီးအကဲများက ထောက်ပံ့ကြေးရမည်ဟု ပြောဆိုထားခဲ့ပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသည့် နည်းပြများထောက်ပံ့ကြေးများလည်း ချထားပြီးဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်က တရားဝင် ပေးထားပြီးသားဆိုတော့ ရသင့်ရထိုက်တာတော့ ရမယ့်အနေအထားမှာရှိတာပေါ့၊ အဲဒါလေးက လည်း ပေးလည်းပေးထားပြီးသား၊ ချလည်း ချထားပြီးသားလို့ပြောတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဌေးရယ်က ပြောသည်။

ကျောင်းများတွင် တိုင်းရင်းသားဘာသာစကား သင်ကြားနိုင်သည့် ကျောင်းဆရာ/မ မရှိသဖြင့် ပြင်ပမှ ဝင်ရောက် သင်ကြားပေးနေသည့် ဆရာဆရာမများမှာလည်း မိသားစုစားဝတ်နေရေး အခက်အခဲ ရှိနေကြသည်ဟု သိရသည်။

ဒေါဘျာကူးကျေးရွာ မူလတန်းကျောင်း ကယားတိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာမတစ်ဦးက “လူကြီးတွေကတော့ အမျိုးသားစိတ်ဓါတ်နဲ့ ကိုယ့်လူမျိုးအတွက် သင်ကြားပေးဖို့ပြောပါတယ်။ ဒါပေမယ့် နေ့စဉ် လူတိုင်းကတော့ ကိုယ့်ဝမ်းစာအတွက် တစ်ရက်ပြီး တစ်ရက် စားသောက်ရှာနေရတာဘဲလေ ခုကျတော့ ဒီလိုဖြစ်နေတဲ့ အခါမှာ အခက်အခဲတွေတွေ့တာပေါ့နော်” ဟု ပြောသည်။

ထိုကိစ္စများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးအား မေးမြန်းရာတွင် သက်ဆိုင်သည့် ကော်မတီအဖွဲ့များ သီးသန့်ဖွဲ့ထားသည့်အဖွဲ့များနှင့်သာ သက်ဆိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

တိုင်းရင်းသားစာပေ သင်ကြားနေကြသည့်အထဲတွင် ကယောတိုင်းရင်းသားဘာသာ သင်ကြားပေးနေသည့် ဆရာ/မများမှာမှု ထောက်ပံ့ကြေး ၂လခန့်ရရှိထားခဲ့ဖူးသည်ဟု သိရသည်။

ကယားမျိုးနွယ်စု တိုင်းရင်းသားစာပေများကို တချို့ကျောင်းတွင် ၂၀၁၄ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလအထိ သင်ကြားခဲ့ကြပြီး ယင်းတလဲနှင့် မနူမနော မျိုးနွယ်စုတို့၏ စာပေသာ ကျန်ရှိတော့ကြောင်း သိရသည်။

Most read this week