ပအိုဝ်းအမျိုးသားနေ့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တက်ရောက်

ပအိုဝ်းအမျိုးသားနေ့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တက်ရောက်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာတွင် ၂၀၁၅ခုနှစ်၊ မတ်လ ၄ရက်နေ့တွင် ကျရောက်ပြီး ပထမဆုံးအကြိမ် စုပေါင်းကျင်းပသည့် (၃၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုအခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်တွင် နေထိုင်သော ပအိုဝ်အမျိုးသား များအားလုံးသည် ကယားပြည်နယ်သားကဲ့သို့ သတ်မှတ်ထားကြောင်း အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

pa-o-roks

ပြည်နယ် ဝန်ကြီးချူပ် ဦးခင်မောင်ဦးက “ကျနော်တို့တတွေဟာ ပြည်နယ်ချင်း မတူညီကြဘူး ဆိုသော်ငြားလည်းပဲ တစ်ရေတည်းသောက်ပြီးတော့ တစ်မြေတည်းနေကြတဲ့ ပုဂ္ဂိလ်တွေပါ။ အဓိက အရေးကြီးဆုံးသည်က ကျနော်တို့ဟာ လူဖြစ်ပါတယ်။ လူဖြစ်ရင်လူသားဟာ လူသားချင်း ဆက်ဆံရပါမယ်။ လူချင်းဆက်ဆံတဲ့နေရာမှာ ငါ့လူမျိုး ငါ့ဒေသ ငါဆိုတဲ့ အတ္ကနဲ့နေကြရင် လူ့ဘုံလောကကြီး ဘယ်လိုမှ တည်ထောင်လို့မရဘူး။ ဒါကြောင့် ပအိုဝ်းတိုင်းရင်းသားများကို ကျနော်တို့ပြည်နယ်သားကဲ့သို့ မှတ်ယူပါတယ်လို့ အားလုံးရဲ့ရှေ့မှာ ကျနော်ပြောကြားလိုပါတယ်” ဟု ပြောသွားသည်။

ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျေးရွာအလိုက်ကျင်းပခဲ့ကြပြီး ယခုအခါ နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ စုပေါင်းကျင်းပနိုင်ရန် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ကယားပြည်နယ် ပအိုဝ်း အမျိုးသားစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးအုန်းဖေလေးက ပြောသည်။

“ဒီနှစ်က ခမ်းခမ်းနားနားကျင်းပရခြင်းက ပအိုဝ်းလူဦးရေလည်း တိုးလာပြီလေ။ ပြီးတော့ ဒီဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်က ကွင်းပြင်ကြီးကို ပအိုဝ်းအမျိုးသားပိုင်အဖြစ် သတ်မှတ်ပြီး လှူဒါန်းတဲ့အတွက်ကြောင့် ဒီကွင်းဖွင့်ပွဲလည်း ဖြစ်သွားအောင် စည်စည်ကားကားကျင်းပရတာပါ” ဟု ဦးအုန်းဖေလေးက ပြောသည်။

အခမ်းအနား ညပိုင်းအစီအစဉ်တွင် ကျေးရွာလိုက် ရိုးရာအကပြိုင်ပွဲများ တင်ဆက်ကပြခဲ့ကြပြီး အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့မှ အာဏာပိုင်များနှင့် ကယားပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများ (၁၅၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ပအိုဝ်းတိုင်းရင်းသားများသည် မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်တွင်အများဆုံးနေထိုင်ကြပြီး ကယားပြည်နယ်တွင်းတွင် ကျေးရွာပေါင်း (၂၆)ရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုပေါင်း (၁၅၀)ခန့်၊ လူဦးရေ (၁၀၀၀၀)ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းဘုရင် သူရိယစန္ဒာ၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို အစွဲပြု၍ သတ်မှတ်လာ ခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် ထိုနေ့ရောက်တိုင်း ပအိုဝ်းတိုင်းရင်းသားများက ၎င်းတို့၏ အမျိုးသားနေ့ပွဲတော်ကို ကျင်းပလေ့ရှိသည်။

Most read this week