ပေါ်တာသတင်းကြောင့် အမျိုးသားများ နေအိမ်တွင် ညမအိပ်ရဲကြတော့

ပေါ်တာသတင်းကြောင့် အမျိုးသားများ နေအိမ်တွင် ညမအိပ်ရဲကြတော့
by -
ကန္တာရဝတီတိုင်းမ်

အစိုးရ စစ်တပ်မှ ပေါ်တာဆွဲနေသည် ဆိုကာ ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်သူများ အကြား ပြန့်နှံ့နေသည့် သတင်းကြောင့် အမျိုးသားများ မိမိတို့ နေအိမ်တွင် ညမအိပ်ရဲကြတော့ကြောင်း နွားလဝိုးကျေးရွာအုပ်စု ဥက္ကဌ ဦးနေဆန်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

၎င်းသတင်းထွက်ပေါ်လာပြီးနောက် လွိုင်ကော်မြို့နယ်ရှိ ဖေဖော်ဝါရီ (၂၆)ရက်ညမှ စ၍ ကျေးရွာအချို့မှ အမျိုးသားများ က နေအိမ်တွင် ညမအိပ်ရဲကြတော့ဘဲ တောင်ယာများနှင့် တခြားမြို့များသို့ သွားရောက်အိပ်စက် နေကြရသည်ဟု သိရသည်။

loikawview-roks

လွိုင်ကော်မြို့နယ် လယ်ထွဲကျေးရွာတွင် ကြံုတွေ့နေသည့် အခြေအနေနှင့် ပတ်သက်၍ ရွာသားဖြစ်သူတဦးက “ပေါ်တာဖမ်း တယ်ဆိုတော့ အိမ်မှာမအိပ်ရဲတော့ဘူး။ ရွာပြင်တောင်ယာမှာ သွားအိပ်လိုက်တယ်။ ည ၈နာရီ ၉နာရီလောက်ဆိုရင် ရွာမှာဆူနေတာပဲ။ ဘယ်လိုလဲဆိုတော့ ပေါ်တာဖမ်းမယ်လို့ ပြောနေကြတယ်လေ။ ဖုန်းနဲ့ ဆက်လာတယ်။ ဖုန်းနဲ့အကြောင်းကြားကြတာပေ့ါ။ သတိနဲ့နေဖို့ပေ့ါ” ဟုပြောသည်။

လေဖုံလေးကျေးရွာတွင် အမျိုးသား (၅)ဦး စစ်တပ်မှ ပေါ်တာဖမ်းသည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ထိုရွာသို့ သွားရောက်စုံ စမ်းခဲ့သည့် သတင်းထောက် ဖဲဘူးက “လေဖုံလေးရွာ ငါးယောက်လို့ကြားတယ်။ ရွာကလူတွေက ပြန်ပြောတယ် မဖမ်းပါဘူး။ ဖမ်းတာတော့မရှိဘူး ဒါပေမယ့် ရွာမှာမအိပ်ကြဘူး” ဟု ပြောသည်။

သို့သော် ထိုကျေးရွာတွင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကိုသာတွေ့ခဲ့ရပြီး အမျိုးသားများကိုမူ မတွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

လွိုင်ကော်မြို့မှ ကန္ဒရဝတီတိုင်း(မ်) သတင်းထောက်ဖြစ်သူ ဖြိုးဝေအောင်က “ညတုန်းကဆို ကုန်းသာရွာကလူတွေ ထွက်ပြေးကြ တယ်။ ပြားကနဲဘက်မှာလည်း ကြောက်ကြောက်ရွံ့ရွံ့ နေနေကြတယ်” ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေးမယူခင် ပေါ်တာဆွဲခံကြဖူးသည့် ကျေးရွာများတွင် ယခုအခါ ထိတ်လန့်နေကြပြီး ထိုသို့ သတင်းပြန့်နှံ့နေမှုနှင့် ပတ်သက်၍ အစိုးရ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းများမှ မဟုတ်ကြောင်း၊ မမှန်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် လွိုင်ကော်မြို့နယ်ကျေးရွာများအပါအဝင် ဒီးမော့ဆိုမြို့နယ်ဘက်တွင်လည်း ထိတ်လန့်နေကြသည်ဟု သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဌာနများနှင့် အစိုးရများကို သတင်းအမှန်ဖော်ထုတ်ပေးရန် ရှင်းလင်းပေးရန် တောင်း ဆိုသွားမည်ဟု နွားလဝိုးကျေးရွာအုပ်စု ဥက္ကဌ ဦးနေဆန်းက ပြောသည်။

Most read this week