ဒီးဆ ခေါ် ထမင်းထောင်းရိုးရာပွဲ ပထမဆုံးအကြိမ် စုပေါင်းကျင်းပ

ဒီးဆ ခေါ် ထမင်းထောင်းရိုးရာပွဲ ပထမဆုံးအကြိမ် စုပေါင်းကျင်းပ
by -
ကန္တာရဝတီတိုင်းမ်

ကယားရိုးရာ ဒီးဆ ခေါ် ထမင်းထောင်းပွဲကို ပထမအဆုံးအကြိမ်အဖြစ် ကယားအမျိုးသားလူငယ်အဖွဲ့မှ စုပေါင်းဦးဆောင်၍  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနီးလာလဲရွာအနီးရှိ ကန်ခုနှစ်ဆင့်တွင် ဖေဖော်ဝါရီလ (၇)ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ထမင်းထောင်းပွဲကို စုပေါင်းကျင်းပရခြင်းသည် တိုင်းရင်းသား ညီကိုမောင်နှမများအား လုံး သွေးစည်းညီညွတ်ရေးအတွက် တွေ့ဆုံနိုင်ရန် ရည်ရွယ်ကြောင်း ကယားအမျိုးသားလူငယ် ဥက္ကဌ ခူးလိရယ်အန်းဂျေလိုက ပြောသည်။

dee-sa-newspic1

“အဲ့ဒီလို ထမင်းနယ်လုပ်စားပြီးတော့မှ အိမ်နီးနားချင်းတွေရော ရွာသူရွာသားအားလုံးကို ခေါ်ပြီးမှ စုပေါင်းစားကြတာပေ့ါ။ စည်းလုံးတယ်ဆိုတဲ့ သဘောကို ဆောင်တာပေ့ါ” ဟု ပြောသွားပါသည်။

ဒီးဆ ခေါ် ထမင်းထောင်းသည် ကယားတိုင်းရင်းသားများနေထိုင်သော ကျေးရွာတိုင်းတွင် ကောက်ပဲသီးနှံများ ထွက်ရှိပြီးချိန်တိုင်း နှစ်စဉ် ကျင်းပလေ့ရှိသည့် ကောက်သစ်စားပွဲတွင် အဓိကပါဝင်သော ရိုးရာအစားအစာ တစ်ခုဖြစ်သည်။

ဒီးဆ ခေါ် ထမင်းထောင်း ဆိုသည်မှာ ဆန်အသစ်ထမင်း ၊ ချင်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ကြက်သား သို့မဟုတ် ဝက်သား ၊ ဂျူးမြစ် ၊ ငရုတ်သီး ၊ ဆီ ၊ ဆား အားလုံးစုံစုံလင်လင်ဖြင့် ထောင်း ဆုံကြီးထဲတွင် ထည့်ကာ မိတ်ဆွေ၊ ဆွေမျိုးများ စုံစုံညီညီ ပူးပေါင်း ထောင်းကြပြီး အတူတကွ စားသုံးကြသော ကယားရိုးရာ အစားအစာ ဖြစ်သည်။

ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် လူမျိုးတစ်ခုတွင် တစ်ဦးတစ်ယောက်တည်း နေထိုင်လို့မရကြောင်း၊ မိတ်ဆွေ၊ ဆွေမျိုးများနှင့်အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပေါင်းစည်းနေထိုင်ရာ အသွင်ဆောင်ပေးကြောင်း ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးရယ်က ဒီးဆ၏ အဓိပ္ပာယ်ကို ပြောသွားပါသည်။

“အမယ်စုံ ထည့်ပြီးတော့မှ နယ်စားတဲ့ဒီးဆကို စားခြင်းအားဖြင့် ကျနော်တို့ အားလုံးတွေလည်းပဲ ဒီ ဒီးဆ လိုပဲ စည်းလုံးတယ်။ ပေါင်းစည်းညှိနှိုင်းပြီးတော့ အတူတကွ နေထိုင်ကြတဲ့ အဓိပ္ပာယ်ပေ့ါ”ဟု ဦးဦးရယ်က ပြော သည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ကိုယ်စားလှယ်များ ၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP (နဂါး) ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ၊ ဒေသခံ လူမှုအသင်းအဖွဲ့များ၊ ဒေသခံ ကယားလူငယ်များနှင့် အနယ်အနယ်အရပ်ရပ်မှ လူငယ်များတက်ရောက်ကြကာ စုစုပေါင်း လူဦးရေ (၅၀၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

Most read this week