RCSS/SSA နှင့် အစိုးရ တပ်တို့ နှစ်ရက် ဆက်တိုက် တိုက်ပွဲငယ် ဖြစ်ပွားခဲ့

RCSS/SSA နှင့် အစိုးရ တပ်တို့ နှစ်ရက် ဆက်တိုက် တိုက်ပွဲငယ် ဖြစ်ပွားခဲ့
by -
ရွှေဟင်္သာ

ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (ခေါ်) ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်တို့ အကြား ဒီဇင်ဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့ များတွင် နှစ်ရက် ဆက်တိုက် တိုက်ပွဲ ငယ်များ ဖြစ်ပွား ခဲ့ကြောင်း RCSS/SSA တာဝန်ရှိသူ များက ရွွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့က လင်းခေး ခရိုင် မိုင်းပန် မြို့နယ်၌ တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ကြောင့် RCSS/SSA တောင်ကြီး ဆက်ဆံ ရေးရုံး တာဝန်ခံ ဗိုလ်မှူး စိုင်းဦးက “ကျနော်တို့ လှုပ်ရှား ဖြတ်သွားတဲ့ အချိန် သူတို့နဲ့ သွားတိုး မိလို့ပါ၊ ခမရ ၃၃၂ နဲ့ ဖြစ်တယ်၊ အဲဒီမှာ တပ်မတော် ဘက်က တစ်ယောက် ကျသွား တယ်လို့ ကျနော်တို့ နယ်မြေခံ တပ်တွေ ဆီက သိရတယ်၊ ၁၃ ရက်နေ့ တုန်းကလည်း ဖြစ်ပါတယ်၊ သူတို့ (တပ်မတော်) က ရှမ်းပြည် ထဲကို တပ်အင်အား ပိုမို ဖြည့်တင်း လာသလို၊ လှုပ်ရှားမှု တွေလည်း ပိုများ လာတယ်၊ တမင်ကို တိုက်ပွဲ ဖြစ်စေ ချင်လို့ လှုပ်ရှားမှုတွေ ပိုလုပ် လာသလို ဖြစ်နေတယ်” ဟု ပြောသည်။

phophtaw1702

အလားတူ ဒီဇင်ဘာလ (၁၃) ရက်နေ့ကလည်း ကျောက်မဲ မြို့နယ်နှင့် သီပေါ မြို့နယ် အစပ်၌ RCSS/SSA တပ်နှင့် အစိုးရ တပ်မတော်တို့ အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်းလည်း RCSS/SSA မှ ဗိုလ်မှူး စိုင်းဆိုင်မိဏ်း ကလည်း ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့သည်။

“ဖြစ်တာက (၁၃) ရက်နေ့ နေ့လည် (၁၂) နာရီ လောက်မှာ ပေါ့နော်၊ တပ်မ (၇၇) လက်အောက်ခံက ခမရ (၅၀၁) (၅၀၂) ပေါ့နော် ၊ အဲတပ်တွေ အင်အား (၃၀) နဲ့ သူတို့တွေ တောတွင်းမှာ နယ်မြေ စိုးမိုးရေး စစ်ဆင်ရေး လုပ်တော့ ကျောက်မဲနဲ့ သီပေါ မြို့နယ်ချင်း ဆက်တဲ့ နေရာ နားမှာ တိုက်ပွဲ ဖြစ်တယ်၊ တိုက်ရိုက် သွားတွေ့ပြီး ဖြစ်တယ် ဆိုတော့ ကျနော်တို့ ပစ်ခတ်ပြီး ပြန်ဆုတ်တယ်၊ ကျနော်တို့ ကြားတာက တပ်က သုံးပွင့် ဗိုလ်ကြီး တစ်ယောက် ကျပြီး ၊ တပ်ကြပ် တစ်ယောက် ဒဏ်ရာ ရတယ် ပြောတယ်” ဟု ဗိုလ်မှူး စိုင်းဆိုင်မိဏ်းက အတည်ပြု ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအနက် အစိုးရနှင့် ဆက်ဆံရေး ပြေလည်သည့် RCSS/SSA နှင့် အစိုးရ တပ်မတော် တို့သည် နှစ်လ နီးပါးခန့် တိုက်ပွဲများ ငြိမ်သက် နေရာမှ ယခု ပြန်လည်၍ တိုက်ပွဲများ ဖြစ်ပွား ခဲ့ခြင်းလည်း ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့ တိုက်ပွဲတွင် ကိုးကန့် အဖွဲ့မှ သာလွန် အင်အား အသုံးပြု၍ နယ်မြေ လုံခြံုရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော် စစ်ကြောင်း များအား ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်းနှင့် တပ်မတော်မှ (၇) ဦး ကျဆုံးကာ (၂၀) ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန၏ ဒီဇင်ဘာလ (၁၃) ရက်နေ့ သတင်း ထုတ်ပြန် ချက်အရ သိရှိ ရသည်။

“ကိုးကန့် အဖွဲ့ အနေဖြင့် နိုင်ငံတော် အစိုးရမှ ငြိမ်းချမ်းရေး ဖော်ဆောင် နေစဉ် ကာလ အတွင်း တပ်မတော် စခန်းနှင့် စစ်ကြောင်း များကို အကြောင်းမဲ့ စတင် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့် နယ်မြေခံ ပြည်သူ များ၏ အသက် အိုးအိမ် စည်းစိမ် လုံခြံုရေးအား ထိပါး နှောက်ယှက်သူ မှန်သမျှကို ထိရောက်စွာ ချေမှုန်း သွားမည် ဖြစ်ကြောင်း” ကာကွယ်ရေး ဝန်ကြီး ဌာန ထုတ်ပြန်ချက်၌ ရေးသား ဖော်ပြ ထားသည်။

အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်တို့သည် ရှမ်းပြည်နယ် အတွင်း၌ ယခု ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၅) ရက်နေ့ အထိ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၊ ကိုးကန့်၊ တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တပ်တို့နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေလျက် ရှိသည်။