“ပြည်သူများလုံခြံရေးနှင့် တရားဥပဒေစိုးမိုးမှု အရေးတကြီးလိုအပ်တယ်လို့ ကယားပြည်သူ့ညီလာခံ မှာ တောင်းဆိုလိုက်ပါတယ်”

“ပြည်သူများလုံခြံရေးနှင့် တရားဥပဒေစိုးမိုးမှု အရေးတကြီးလိုအပ်တယ်လို့ ကယားပြည်သူ့ညီလာခံ မှာ တောင်းဆိုလိုက်ပါတယ်”
by -
ကန္တာရဝတီတိုင်းမ်

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ လုံခြံုရေးနှင့် တင်ပြချက်များကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ အာမခံချက်ပေးရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ပြည်သူလူထုများက လူမှုအခြေပြုလူမှုအဖွဲ့အစည်းများ ဦးဆောင်ပြုလုပ်သည့် ပြည်သူ့ညီလာခံမှာ တောင်းဆိုလိုက်ကြပါတယ်။

ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာပလုရယ်က “တတိုင်းပြည်လုံး ပစ်ခတ်ရပ်စဲရေးပုံစံမျိုးနဲ့ဆွေးနွေးနေတဲ့အချိန်မှာ သီးခြားလွတ်လပ်တဲ့ ဒေသလေ့လာစောင့်ကြည့်ရေးက မဖြစ်မနေအသိအမှတ်ပြုဖို့ ဖွဲ့စည်းဖို့ဆိုတဲ့ သဘောတူညီချက်တခုပါတယ်။ အဲဒီအချက်ကို တကယ်တမ်း အကောင်အထည် ဖော်လာခဲ့ရင် ဒီမှာလက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ဒီအဖွဲ့က မဖြစ်မနေရှိ ဖို့ဖြစ်လာတယ်။ ဆိုလိုချင်တာက နှစ်ဖက်စလုံးကျနော်တို့ကို ခွင့်ပြုတာမျိုး စာနဲ့ရော ရေးတာမျိုးမရှိဘူး ခွင့်ပြုပါတယ်လို့ မပြောတဲ့အတွက် ကျနော်တို့ကို အသိအမှတ်မပြုဘူးလားဆိုပြန်တော့လည်း နှစ်ဖက်စလုံးက ကျနော်တို့ကို အသိအမှတ်မပြုဘူးဆိုတာမျိုးလည်းမပြောဘူး။ ဆိုတော့ ဒီဒေသစောင့်ကြည့်ရေးအဖွဲ့ကို အများကြီးကြိုတင်ပြင်ဆင်ထားရတာပေါ့။” လို့ ပြောပါတယ်။

public-forum

လတ်သလို ကယားပြည်နယ်တွင် အရေးတကြီး ပြုပြင်စရာများ လိုအပ်ချက်များစွာရှိသည့်အထဲတွင် ငြိမ်းချမ်းရေး နှင့် လုံခြံုရေးကို ထိန်းညှိပေးနိုင်ရန် တရားဥပဒေစိုးမိုးရေးအကြီးတကြီး လိုအပ်နေသည်ဟု UKSY မှ အတွင်းရေးမှူး ဘီထူးက ယခုလို ပြောဆိုသွားပါတယ်။

“ပထမဆုံးအချက်ကတော့ ကျနော်တို့ငြိမ်းချမ်းရေးပေါ့။ အပစ်ခတ်ရပ်စဲရေးဖြစ်ပြီဆိုရင်တော့ တရားဥပဒေစိုး မိုးရေးဖက်ကိုတော့ ကျနော်တို့အလေးထားချင်ပါတယ်။ လိုအပ်ချက်တွေအရမ်းများပါတယ် ပညာရေးမှာ လည်ိးလိုအပ်ပါတယ်။ ဖွံ့ဖြိုးရေးမှာလည်းလိုအပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာအလိုအပ်ဆုံးအရာ တခုကလုံခြံုရေးနဲ့ ခုနပြောတဲ့ ငြိမ်းချမ်းရေးပေါ့နော။ အဲဒါကိုထိန်းညှိနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးရှိမှ သာလျှင် အကောင်ထည်ဖော်နိုင်တယ်လို့ယုံကြည်တဲ့အတွက် တဥပဒေစိုးမိုးရေးကိုအထူးတလည် လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်ပေါ့နော။” လို့ ပြောပါတယ်။

သို့သော်ညီလာခံအပြီးတွင် ပြည်သူများအသေးစိတ်ဆွေးနွေးတင်ပြထားကြသည့် အချက်များကို သက်ဆိုင်ရာ အစိုးရနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံတင်ပြနိုင်ရန် ညီလာခံတက်ရောက်လာသည့် လူမှုအခြေပြုလူထုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တာဝန်ရှိသူများ တက်ရောက်လာခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အခွင့်အရေးသည် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ သိရှိရမည့်အချက်ဖြစ်သည်များစွာဆုံးရှုံးနစ်နာမှုဖြစ်စေတယ်လို့ ဆိုပါတယ်။

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ နော်လူဒီးက “ ပြည်သူ့ဖိုရမ်မှာကျမအနေနဲ့ကတော့ အရမ်းကောင်းတာပေါ့နော။ ပြည်သူတွေရဲ့တင်ပြချက်အရမ်းကောင်းတယ်။ ဒါပေမဲ့လို့အခုကျမတို့သိရတာ က ပြည်သူတွေကဒီနေ့ဆိုရင် ၀န်ကြီးတွေလာပြီးတော့ ပြည်နယ်ဝန်ကြီးတွေလာပြီးတော့ လူထုနဲ့တွေ့ဆုံမယ်လို့ပြောတာပေါ့နော။ ဒါပေမဲ့ ပြည်သူလူထုကစောင့်နေတယ်။ စောင့်နေပေမဲ့ ၀န်ကြီးတွေကရောက်မလာတဲ့ခါကျတော့ ပြည်သူတွေရဲ့ရင်ထဲမှာတမျိုးတော့ဖြစ်သွားတယ်ပေါ့နော။ တခါမှလည်းကျမတို့ဝန်ကြီးဆိုတာမမြင်ဖူးဘူး။ ပြည်နယ်ဝန်ကြီးချုပ်ကိုတခါမှမမြင်ဖူးတဲ့ ကျမတို့အရပ်ဖက် လူထုတွေရှိတယ်။ ဆိုတော့ သူတို့ဘာတွေပြောမလဲဘာအားပေးစကားပြောမလဲဆိုတာ ကြားချင်တယ် ဒါပေမဲ့ရောက်မလာဘူး။ အဲဒီအတွက် ကျမတို့ရဲ့ ရင်ထဲမှာတမျိုးတော့ခံစားရတာပေါ့။ စိတ်ထဲမှာအောကျမ တို့ကိုမတွေ့ချင်တာလားအဲလို်မျိုးကျမတို့ယုံကြည်ပြီးတော့ အားကိုးတဲ့ခေါင်းဆောင်တွေ က ယုံကြည်ပြီးတော့ စိတ်ချတဲ့ နိုင်ငံတော် ကိုအခန်းကဏ္ဍ မှာ တာဝန်ယူမယ့် လူတွေကကျမတို့ပြည်သူကိုလာပြီးတော့မတွေ့ ဘူးဆိုရင်။ ပြည်သူကိုဘယ်လိုလဲ.. အမှတ်မပြုတာလားမယုံကြည်တာလားဒါမှမဟုတ် ပြည်သူပဲမလေးစား တာလားအဲလိုမျိုးခံစားရတာပေါ့နော။” လို့ ပြောပါတယ်။

ပြည်သူ့ညီလာခံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အား စောင့်ကြည့်လေ့လာရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လယ်ယာမြေပြဿနာများဆိုသည့်ခေါင်းစဉ်အောက်တွင် အကြံပြုတင်ပြချက်ပေါင်း ၉ ခုထွက်ပေါ်လာခဲ့ကြောင်း ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှု ၊ တာဝန်ခံမှု ၊ ပွင့်လင်းမြင်သာမှု၊ရေရှည်ခံသော ဖွံ့ဖြိုးတိုးတက်မှု ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ခေါင်းစဉ်အောင်တွင် အကြံပြုတင်ပြချက်ပေါင်း ၁၂ ခုထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရားမျှတမှု နှင့် လူ့အခွင့်အရေးကဏ္ဍအောက်တွင် ကုလသမဂ္ဂဆိုင်ရာ ကလေးသူငယ်အခွင့်အရေး စာချူပ်စာတမ်းကို ပြန်လည်သုံးသပ်ခြင်း ၊ အမျိုးသမီးအခွင့်အရေးကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံရပိုင်ခွင့်များကိုပြန်လည်သုံးသပ်ခြင်းဆိုသည့်ခေါင်းစဉ်အောက်တွင် အကြံပြုချက်ပေါင်း ၂၁ ချက်ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ တိုင်းရင်းသားတို့ အမှတ်လက္ခဏာများ ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ၊နှင့် အမျိုးသမီးခေါင်းဆောင်မှု ကဏ္ဍစတဲ့ ခေါင်းစဉ်အောက်တွင်မှာလည်း အကြံပြုချက် ၁၅ ချက်ထွက်ပေါ်လာခဲ့တယ်လိုဆိုပါတယ်။

နော်လူဒီးက “ ကျမဒီအမျိုးသမီးအခန်းကဏ္ဍကြည့်တဲ့ခါမှာကယားပြည်နယ် အတိုင်းအတာနဲ့ဆိုကျမ တို့ ခေါင်းဆောင်မှုပိုင်းမှာသိပ် နေရာမရှိကြဘူးမရှိတာထက်ရှိကိုမရှိဘူး။ အမျိုးသမီးခေါင်းဆောင်မှု နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ အုပ်ချုပ်ရေးပိုင်းမှာအမျိုးသမီးတွေ လုံးဝနေရာမရှိဘူး။ နေရာမရှိဘူး၊ မရှိကြဘူးပြီးတော့ မြို့နယ် အဆင့် ကနေကျေးရွာအထိပေါ့နော။ ကျမတို့ဒီအုပ်ချုပ်ရေးပိုင်းမှာ လုံးဝ အမျိုးသမီးတွေကနေရာမရှိဘူး။

အမျိုးသမီးတွေ ဒီလိုနေရာရအောင် ကျမအနေနဲ့ ဟိုစာပေါ့နော.. ဘယ်လိုလုပ်ခိုင်းစေချင်လဲဆိုအမျိုး သမီးတွေကဟိုစာပေါ့နော.. အမျိုးသမီးစွမ်းရည်မြင့်တင်ရေးကို.. ကျမတို့ လုပ်ပေးစေချင်တယ်။ ပြီးတော့ ဒီအမျိုးသမီးဖိုရမ်ပေါ့နောများများလုပ်ပေးစေချင်တယ်။ ပြီးရင် ကျတို့ အမျိုးသမီးကျမတို့အမျိုးသမီး က သုံးစွဲဖို့ငွေ ဆိုတာနိုင်ငံတော်ဘတ်ဂျက်ကမရှိဘူးမရှိတဲ့ခါကျတော့ အခုကျမတို့သုံးစွဲနေတဲ့ စစ်အသုံးစရိတ် ဘတ်ဂျက်တွေကအရမ်းများနေတယ်။ များနေတဲ့ခါမှာအဲဒါကိုလျော့ပြီးတော့ ကျမတို့ အမျိုးသမီးစွမ်းရည်မြင့် တင်ရေးကဏ္ဍမှာအမျိုးသမီးအမြင်ဖွင့်ကဏ္ဍမှာအမျိုးသမီးပညာရေး၊ ကျန်းမာရေး ၊စီးပွားရေး၊ လူမှုရေးကဏ္ဍမှာ ပြန်လည်ပြီးသုံးစွဲပေးဖို့ ကျမအနေနဲ့ အဲလိုမျိုးအကြံပြုချင်တယ်။” လို့ပြောပါတယ်။

နန်းမယ်ခုံမှ နေထိုင်သည့် မောင်ယောဟန်က “ ကျတော်တို့ ပြည်သူတွေအားလုံး ကယားပြည်နယ် ဝန်ကြီးချုပ်ကို လာမယ်လို့ မျော်လင့်ကြပါတယ်။ ဒါပေမဲ့ သူတို့လည်း တစ်ဖက်တလမ်းကနေ ခက်ခက်ခဲခဲ ဖြစ်တဲ့အတွက်ကြောင့် ကျတာ်တို့လည်း တွေ့ခွင့်မရလိုက်ဘူးလို့ ပြောလို့ရပါတယ်။ အကောင်းဆုံးကတော့ ဒီဆွေးနွေးပွဲမှာ ပြည်သူလူထုတွေကို လာရောက်တွေ့ဆုံ မေးမြန်ရင်တော့ ပိုကောင်းတာပေါ့နော်။ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ လက်တွဲဖော်လို့ပြောလို့ရတာပေါ့နော်။ အထူးသဖြင့်လုပ်ဆောင်တာကတော့ ကလေးဘဝမြင့်တင်ရေးမှာ လုပ်ဆောင်တာပေါ့နော်။ ဒီမှာသင်ကြားပေးနေတဲ့ သူတွေကို ကလေးဘဝမြင့်တင်ရေးနဲ့ ပတ်သက်ပြီး လာရောက်ဖွဲ့စည်းပေးဖို့ ပြောချင်ပါတယ်။ တောင်းဆိုချင်ပါတယ်။”

ညီလာခံမှတင်ပြသွားတဲ့အချက်တွေဟာ သက်ဆိုင်ရာ ပြည်နယ်အစိုးရကနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်အာဏာမရှိဘူးဆိုသည့်တိုင် ပြည်ထောင်စုအဆင့်အထိ ကယားပြည်နယ်ရဲ့ လက်ရှိအခြေအနေကို သိရှိရန် လုပ်ဆောင်ပေးသွားသင့်တယ်လို့ ကိုဘီထူးက ပြောဆိုလိုက်ပါတယ်။

ကိုဘီထူးက “ပြည်သူတွေဆီကပဲအခြေခံပြီးတော့ သူတို့ရဲ့အာဏာတွေ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ယူသွားဖို့ပေါ့နော။ သူတို့ကိုအထက်ကနေပြီးတော့မှ အာဏာပေးပြီးမှ သူတို့ကိုဘာလဲ.. ဒီအာဏာတွေခွဲဝေပြီးမှ လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေမဟုတ်ပါဘူး။ ပြည်သူတွေကသူတို့ကိုရွေးချယ် ပြီး ပြည်သူတွေကသူတို့ကိုတင်မြောက်ပြီး ဒါဟာသူတို့လုပ်ရမဲ့အပိုင်းဖြစ်လာပြီ။” လို့ ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှ ပြည်သူ့ညီလာခံမှ ထုတ်ပြန်ကြေငြာချက်တွေကိုတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ တိုက်ရိုက် တွေ့ဆုံတင်ပြခွင့် အပြန်အလှန် အကြံပြုရှင်းလင်းချက်တွေ အခွင့်အရေးမရခဲ့သော်လည်း ညီလာခံကို ဦးဆောင်ကျင်းပပေးသွားတဲ့ မြန်မာပြည် သူ့ဖိုရမ်လုပ်ငန်းအဖွဲ့က အစိုးရထံတင်ပြသွားမယ်လို အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦးက ပြောသွား ခဲ့ပါတယ်။

ဒါ့အပြင် လူထုအခြေပြုလူမှုအဖွဲ့အစည်းများနှင့် အစိုးရ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံပေးနိုင် ဖို့နှင့် တင်ပြအကြံုပြုထားသည့်ညီလာခံမှ အချက်အလက်တွေကို တာဝန်ရှိ အစိုးရနှင့် သက်ဆိုင်ရာများ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေသိရှိနိုင်ရန် ညီလာခံများ ထပ်မံပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

ညီလာခံကို နိုဝင်ဘာလ ၁၉ ရက်ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက် ပြုလုပ်သွားခဲ့ပြီး လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်စုစုပေါင်း လူဦးရေ ၁၈၀ တက်ရောက်ခဲ့ကြ တာဖြစ်ပါတယ်။