တရားဥပဒေ စိုးမိုးရေးအတွက် လူငယ်များ ဥပဒေအမြင်ဖွင့် သင်တန်းများ ဆောင်ရွက်နေ

တရားဥပဒေ စိုးမိုးရေးအတွက် လူငယ်များ ဥပဒေအမြင်ဖွင့် သင်တန်းများ ဆောင်ရွက်နေ
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ်တွင်း တရားဥပဒေစိုးမိုးနိုင်ရေးအတွက် ကယောလူငယ်များက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဟိုယာဒေသဘက်တွင် ဥပဒေမြင်ဖွင့်သင်တန်းများ စတင်ဆောင်ရွက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကယောဒေသ ဖြစ်သည့် ဟိုယာဒေသဘက်သို့ Women Safe House၊ UKSY၊ ဥပဒေ အဖွဲ့မှ LAW HOME စသည့်လူငယ်အဖွဲ့များက စုစည်းကြပြီး ဥပဒေအမြင်ဖွင့် သင်တန်းကို ဟိုယာဒေသတွင် ပထမဦးဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

law-training-roks

Women Safe House မှ တွဲဖက်တာဝန်ခံ မချယ်ရီမိုးက “ကျမတို့ ဒီကရင်နီ မျိုးနွယ်စုဖြစ်တဲ့ ကယောလူမျိုးတွေက အင်မတန်မှ ဖွံ့ဖြိုးရေးနည်းပါးတယ်။ ဖွံ့ဖြိုးရေးဆိုတာက ဘက်စုံပေါ့ အထူးသဖြင့် ပညာရေး ဗဟုသုတနဲ့ ပက်သက်တဲ့ဟာတွေ ဒီဥပဒေပိုင်းဆိုင်ရာတွေ အခွင့်ရေး ဆိုင်ရာတွေ နိုင်ငံရေးပိုင်း ဆိုင်ရာတွေ ငြိမ်းချမ်းရေးပိုင်းဆိုင်ရာတွေ မှာသူတို့တွေ အားနည်းနေတယ် ဒီဗဟု သုတ ရရှိဖို့ အတွက် သင်တန်းသွားပေး ခြင်းဖြစ်ပါတယ် ” ဟု ပြောသည်။

ဟိုယာဒေသသည် လက်နက်ကိုင်အဖွဲ့များဖြစ်ကြသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး KNPLF၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွ့ံဖြိုးတိုးတက်ရေးပါတီ KNPDP အဖွဲ့များက လှုပ်ရှားနေကြသည့်နေရာ ဖြစ်သည်။

ထို့ကြောင့် ၎င်းနယ်မြေအတွင်း အစိုးရအပိုင်းမှလည်း အုပ်ချူပ်ရေး နှင့် တရားစီရင်ရေးလုပ်ငန်းများတွင် ရှုပ်ထွေးစေသည့်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။

Women Safe House မှတာဝန်ခံ မရိုစီကျော်က “ဥပဒေစိုးမိုးမှု မရှိဘူးလို့ ပြောလို့ ရတယ်ပေါ့နော်။ ဥပမာ အမှုတစ်ခုဆို အဖွဲ့အစည်းက ဆုံးဖြတ်မလား အစိုးရက ဆုံးဖြက်မလား ဆိုတဲ့ဟာတွေ နဲ့ပဲ ပြီးသွာတယ်ပေါ့။ အမှုတစ်ခုပဲဖြစ်ဖြစ် ပြဿနာတစ်ခုဆိုရင် ဆုံးဖြတ်ချက် တိတိကျကျ ချလိုက်ရတဲ့ ဟာတွေ မရှိဘဲ တွေ့ရတယ်ပေါ့နော်အဖွဲ့စည်းကပဲ ဆုံးဖြက်လိုလို အစိုးရဖက်ပိုင်းက ပဲ ဆုံးဖြက် သလိုလိုနဲ့ ဒီဖက်ပိုင်းမှာ တရားဥပဒေ စိုးမိုမှု မရှိဘူး လို့ သုံးသပ်မိတယ်” ဟုပြောသည်။

၎င်းဒေသများတွင် ယခင်က တစ်ဦးနှင့်တစ်ဦး မကျေနပ်၍ လူသတ်မှုအထိဖြစ်ပွားခဲ့ကြသော်လည်း ထိုအမှုကို တရားဥပဒေအတိုင်း မဆုံးဖြတ်နိုင်ဘဲ ပြီးသွားသည့်ဖြစ်ရပ်မျိုး များစွာရှိခဲ့ကြသည်ဟု ဆိုသည်။

သင်တန်းတွင် လူ့အခွင့်ရေး ၊ အမျိုးသမီးအခွင့်ရေး ၊ငြိမ်းချမ်းရေး နှင့်တယံဇာတ (EITI) ကိစ္စရပ်များ၊ လယ်ယာမြေ နှင့်ပက်သက်သော ဥပဒေ ၊ဒေသန္တာရ ဥပဒေ၊ကယေားလူမျိုး သမိုင်း အကြောင်းအရာ များအားသင်ကြားပို့ချပေးခဲ့သည်ဟု သိရသည်။

ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY) မှ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် က “ ဒီဖက်ဒေသမှာ ဥပဒေကြောင်းဆိုင်ရာ အရကော နိုင်ငံရေးအရကော အမြင်ဖွင့် သင်တန်းတွေက မရှိသလောက် ရှားပါးတယ် ”ဟုပြောသည်။

မော်တီဒို ကျေးရွာမှ သင်တန်းသားတစ်ဦးက “ သင်တန်းကို မျိုးစေ့ချပေးတဲ့သူတွေကေား လာရောက်တတ်တဲ့ လူငယ်တွေကေား ဆက်လက်ပြီး အတာဂတ်မှာ ဒီအခွင့်ရေးတွေကို ဆုပ်ရုပ်မှု မရှိစေဘဲနဲ့ ဒီထက်မက သီးပွင့်လာတဲ့ထိ ဆက်လက် ကြိုးစား ကြပါစို့ လို့ပြေားချင်တယ် ” ဟုပြောသည်။

ဟိုယာ ဒေသသည် ကယောလူမျိုးစုအများစုနေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ လျှပ်စစ်မီး မရရှိသေးခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် ဒေသဖြစ်သည်။

သင်တန်း ပြုလုပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ဖြစ်သည့် KNPP ၊ ကလလတ ၊ KNPDP အဖွဲ့များ ထံမှ အလှူငွေ များရယူ ခဲ့ရကြောင်းသိရသည်။