ကရင်နီဒုက္ခသည် ပညာရေး ကရင်နီအစိုးရမှ ထိရောက်စွာ လုပ်ဆောင်မပေးနိုင်သေးဟု ပညာရေးဝန်ကြီးပြော

ကရင်နီဒုက္ခသည် ပညာရေး ကရင်နီအစိုးရမှ ထိရောက်စွာ လုပ်ဆောင်မပေးနိုင်သေးဟု ပညာရေးဝန်ကြီးပြော
by -
ကန္တာရဝတီတိုင်းမ်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင်နေ ထိုင်ကြသော ကျောင်းသူကျောင်းသား များအတွက် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ကရင်နီ(ကယား) အစိုးရအနေဖြင့်ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကရင်နီ ပညာရေး ၀န်ကြီး ဆရာအောင်ဆန်းမြင့်က ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့၊ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ ဆရာ၊ ဆရာမများနေ့ အကြို အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ အမျိုးသားအတွက် ဖိနှိပ်ခံဘဝကို လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ခုခံတော်လှန်ရေး အစိုးရရှိ တယ်။ အစိုးရဖြစ်နေတယ်။ အဲဒီတော့ ဒီအစိုးရက ကျနော်တို့ ဘယ်လိုပြောမလဲ သူ့စိတ်ဆန္ဒရှိတိုင်း သူဖြစ်ချင်တိုင်း အပ်တဲ့ resources တွေကို ရချင်တိုင်း မရနိုင်ဘူး။ မရနိုင်တဲ့အတွက် ပညာကိုလည်း ကျနော်တို့ ထိရောက်စွာ မလုပ်ပေးနိုင်ဘူး” ဟု ပညာရေးဝန်ကြီး ဆရာအောင်ဆန်းမြင့်က ပြောသည်။

ကရင်နီအမျိုးသား ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မှာ ပညာရေးဌာနတခုလုံကို အားပေးအားမြောက် ပြုပေးနိုင်မည့် ပတ်ဝန်းကျင် တခုနှင့် တရားဝင်အစိုးရအဖွဲ့အစည်းတခု အမှန်တကယ်လိုအပ်နေ ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဆရာအောင်ဆန်းမြင့်က ကမ္ဘာ့ဆရာဆရာမများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှိ ဒုက္ခသည်များ၏ ပညာရေးအခြေအနေသည် ဒေသခံထိုင်းအာဏာပိုင်များ၏ အားပေးအားမြောက်လိုမှု အပေါ်တွင်လည်းများစွာ မူတည်နေကြောင်းနှင့် စခန်းတွင်း ဆယ်တန်းလွန်ကျောင်းများ ဖွင့်လှစ်ထားနိုင်ခြင်းမှာ ၎င်းတို့၏ နားလည်မှုသဘော ဖြင့်သာ ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးက ဆက်ပြောသည်။

“Limit ဖြစ်နေတဲ့ ပညာရေး ဟုတ်လား၊ ပညာရေးလုပ်ငန်းစဉ်တွေမှာ process တွေမှာ ကျနော်တို့က ဒီလောက်အခြေအနေထိလုပ်နိုင်တယ်ဆိုတာ ဒါကကျနော်ရဲ့ ဂုဏ်ယူရမယ့်အနေ အထားတရပ်ဖြစ်တယ်” ဟု ဆရာအောင်ဆန်းမြင့်က ဆက်ပြောသည်။

လက်ရှိ အပစ်ခတ်ရပ်စဲရေးကာလအတွင်း နယ်စပ်ရှိ ကရင်နီပညာရေးနှင့် ပြည်တွင်းပညာရေး စနစ်တို့ တူညီသော ဆုံမှတ်ရရှိလာရန် ကြိုးပမ်းနေချိန်တွင် နယ်စပ်မှ ကျောင်းသားအချို့ ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်ကာ ပညာဆက်လက် သင်ယူလိုသော်လည်း အဟန့်အတားများစွာ ရှိနေသေးကြောင်း ကရင်နီပညာရေးဌာနမှ ဒါရိုက်တာ ဆရာဘူးရယ်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

“ဒီပညာရေးမှာရှိနေတဲ့ ကျောင်းသူ၊သားတွေကို မြန်မာအစိုးရက အသိအမှတ်မပြုပဲနဲ့တော့ ပြည်တွင်းပြန် သွားဖို့ဆိုတာ အင်မတန်ခဲရင်းတယ်ပေါ့နော ဒါအရေးကြီးဆုံး ပညာရေးလုပ်ငန်းအတွက် ပညာရေးဌာနအတွက် အကြီးမားဆုံးစိန်ခေါ်မှု အကြီးမားဆုံး အဟန့်အတား ဖြစ်နေတယ်ပေ့ါနော” ဟု ဆရာဘူးရယ်က ပြောသည်။

၎င်း အောက်တိုဘာလ ၃ ရက်နေ့တွင်ပြုလုပ်ခဲ့သော ကမ္ဘာ့ဆရာ၊ဆရာမများသို့ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူကျောင်းသားပေါင်း ၃၀၀၀ ကျော်ခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ထူးချွန်ကျောင်းဆရာဆရာမများကို ဂုဏ်ပြုခြင်း၊ သီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများပြုလုပ်ခဲ့သည်။

ကရင်နီပညာရေးဌာန၏ သုံးလတကြိမ် အစည်းဝေးမှတ်တမ်းအရ ထိုင်း-မြန်မာ နယ်စပ်တလျောက်တွင် ဒုက္ခသည်စခန်းကိုးခုရှိပြီး ကျောင်းသူကျောင်းသား ဦးရေမှာ ၃၃၀၀၀ ဦး၊ ကျောင်းဆရာ၊ ဆရာမဦးရေမှာ ၁၆၀၀ ဦးနှင့် အခြေခံပညာကျောင်းပေါင်း ၈၇ ကျောင်းရှိကြောင်း သိရသည်။