မြစ်ကြီးနား၌ ပြင်းအား အဆင့် ၆ နီးပါးရှိ ငလျင် လှုပ်သော်လည်း အပျက်အစီး မရှိ

မြစ်ကြီးနား၌ ပြင်းအား အဆင့် ၆ နီးပါးရှိ ငလျင် လှုပ်သော်လည်း အပျက်အစီး မရှိ
by -
မဇ္စျိမ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၃ဝ ရက် နံနက်တွင် ပြင်းအား ရက်စ်ချက်တာစကေး ၅.၉ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး မရှိဟု မြစ်ကြီးနား ဒေသခံများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည် နယ် ရဲစခန်းတို့က မဇ္စျိမကို အတည်ပြု ပြောသည်။

“မနက်ကတော့ လှုပ်တယ်လေ၊ ကျွန်တော်တို့ ဆီကိုတော့ အပျက်အစီး သတင်း ဘာသတင်းမှ မတက်လာ သေးဘူး” ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် လုံခြံုရေး ဌာနမှ အရာရှိ တစ်ဦးက မဇ္စျိမသတင်းဌာနသို့ မေလ ၃ဝ ရက်ညနေ (၄) နာရီ ခွဲတွင် ပြောကြားခဲ့သည်။

အလားတူ ကချင်ပြည်နယ် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး စန်းထွေးကလည်း “ ပြင်းအားကတော့ ရက်စ်ချက်တာ စကေး ၅.၉ ရှိတယ်၊ အပျက်အစီး မရှိပါဘူး၊ လူတွေ ထိခိုက် ဒဏ်ရာရမှုလည်း မရှိပါဘူး” ဟု ပြောသည်။

ယခု လှုပ်ခတ်သွားသည့် ငလျင်၏ ဗဟိုချက်သည် ကချင်-တရုတ် နယ်စပ်ရှိ နယ်ခြားမှတ်တိုင် ပန်ဝါ ဒေသ၏ တစ်ဖက်ကမ်း၊ တရုတ်အပိုင် နယ်မြေ၌ ရှိသည်ဟု မြန်မာ့ မြေငလျင် ကော်မီတီမှ ဦးစိုးသူရထွန်းက မဇ္စျိမကို ပြောသည်။

“ယေဘူယျ ပြောရင်တော့ တရုတ်မြန်မာ နယ်စပ်၊ တရုတ် ဖက်ခြမ်း ကျတယ်၊ အဲဒီ ဒေသသက ငလျင် ခဏ ခဏ လှုပ်တယ် ဆိုတဲ့ အနေအထား ရှိပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ် ကလည်း လှုပ်ပါတယ်၊ အခုလည်း ငလျင် အလတ်စားလို့ ပြောရမှာပေါ့ ပြင်းအား ၅.၉ ရက်စ်ချက်တာ နဲ့ လှုပ်သွားတယ်” ငလျင် ကော်မီတီမှ ဦးစိုးသူရထွန်းက ပြောသည်။

ထို့အတူ မြစ်ကြီးနား ဒေသခံတစ်ဦး ဖြစ်သူ မချောကလည်း “လှုပ်တော့ လှုပ်တာပဲ၊ မနက်က ၈ နာရီလောက်ကနေ ခဏလေးပဲ၊ အပျက်အစီးက ဘာမရှိဘူး၊ လူတွေလည်း ဘာမှ မဖြစ်ဘူး၊ ပြီးခဲ့တဲ့ တစ်ပတ်လောက် တုန်းကလည်း တစ်ခါ လှုပ်သေးတယ်” ဟု ပြောသည်။

ထိုသို့ ငလျင် လှုပ်ခတ်သွားခဲ့ သော်လည်း အပျက်အစီး မရှိခြင်းမှာ တောင်တန်း ထူထပ်ခြင်း မြေသား သိပ်သည်းမှု ကောင်းခြင်းကြောင့် ထိခိုက်မှု နည်းခြင်း ဖြစ်ကြောင်း ဦးစိုးရသူထွန်းမှ ရှင်းပြသည်။

“ပြီးခဲ့တဲ့ (၅) နှစ်လောက်တုန်းက တစ်ခါ လှုပ်တာ တရုတ် ဘက်မှာ အပျက်အစီး တော်တော် များတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံက တရုတ်ထက် စာရင် အပျက်အဆီး နည်းမယ်၊ တောင်ထန်း ထူတာလည်း ပါတယ်၊ ကုန်းမြင့်မှာ ရှိနေတဲ့ အနေအထားကြောင့်လည်း ဖြစ်တယ်၊ မြေပြန့်မှာ ရှိတဲ့ ဒေသတွေမှာ ငလျင်လှုပ်ခတ် ရင်တော့ ပိုပြီးတော့ ပျက်စီးမှု ဖြစ်နိုင်ခြေ ရှိပါတယ်” ဟုလည်း ဆရာ ဦးစိုးသူရထွန်းက ရှင်းပြခဲ့သည်။

ငလျင်၏ ဗဟိုချက်သည် မြစ်ကြီးနား မြို့၏ အရှေ့ တောင်ဘက် ၃၈ မိုင် အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုး/ဇလ မြေငလျင်ဌာနမှလည်း သတင်း ထုတ်ပြန်ထားသည်။