ကရင်ပြည်နယ်တွင်း လက်ရှိနေထိုင်သူများကိုသာ သန်းခေါင်စာရင်းပြုစု

ကရင်ပြည်နယ်တွင်း လက်ရှိနေထိုင်သူများကိုသာ သန်းခေါင်စာရင်းပြုစု
by -
နန်းချောင်ဖော့ ၊ နန်းဝေဖြိုးဇာ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူရာ ကရင်ပြည်နယ်အတွင်း နေထိုင်သည့် လူဦးရေကို သာ စာရင်းပြုစုပေးရသေးသည်ဟု စာရင်းကောက်သည့် ဆရာမများထံမှ သိရသည်။

လက်ရှိ သန်းခေါင်စာရင်းကောက်ယူပြီးစီး သွားသည့် စာရင်းကောက်များသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် လူဦးရေကိုသာ စာရင်းပြုစုရပြီး နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် လူဦးရေများကို စာရင်းမပေါင်းရ သေးဘူးဟု ဘားအံမြို့နယ် လှိုင်ကမ္ဘာကျေးရွာအုပ်စုတွင် သန်းခေါင်စာရင်း စာရင်းစစ်တာဝန်ကျသည့် နန်းဝင်းဝင်းနွယ်က ကရင်သတင်းစဉ်ကို ပြောသည်။

"အခုချိန်မှာတော့ ပြည်တွင်းမှာနေတဲ့ လူဦးရေစာရင်းကိုပဲ ပြုစုပေးရသေးတယ်၊ ဒါပေမယ့် ပြည်ပမှာနေတဲ့ လူဦးရေစာရင်းကိုတော့ မပေါင်းပေးရသေးဘူးပေါ့၊ ဘယ်တော့ ပြန်ပေါင်းပေးရမလဲတော့ မသိသေးဘူး" ဟုနန်းဝင်းဝင်းနွယ်က ဆက်ပြောသည်။

ပြည်တွင်း စာရင်းကိုသာပေါင်းပေးရပြီး ပြည်ပစာရင်းကို မပေါင်းပေးရသည့်အတွက် တစ်ဖက်နိုင်ငံသို့ ပြောင်းရွေ့အလုပ်လုပ်နေသည့် ပြည်သူများက စိုးရိမ်မှှုတစ်ခုဖြစ်လာသည်ဟု ပြောင်းရွေ့အလုပ်သမားများက
ပြောသည်။

ပြည်ပသို့ ရွေ့ပြောင်းအလုပ်သွားရောက်လုပ်ကိုင်သည့် ကော့မူနုတ်ရွာသူ နော်ရီက "စိုးရိမ်စရာဖြစ် တယ်၊ ကိုယ့်အတွက် လုံခြံုမှှုသီးသန့်ဖယ်ထုတ်တဲ့ အနေအထားမျိုးလား၊ လက်ရှိ အနေအထားက ကိုယ်တွေနဲ့ဘယ်လို ကွာဟရှိသလဲပေါ့ အဲဒါကိုစိုးရိမ်တယ်၊ ဖြစ်နိုင်တယ်ဆိုရင် ဒီသန်းခေါင်စာရင်းလူဦးရေစာရင်းသေချာစိစစ် မေးလို့ပီးသွားတယ် ဆိုလို့ရှိရင် အပြင်ရောက်နေထိုင်သူတွေနဲ့ လက်ရှိနေထိုင်သူတွေကြားမှာ သတ်မှတ် ချက်တွေ ဘယ်လိုမျိုးရှိသလဲ ပွင့်ပွင့်လင်းလင်းတော့ အစိုးရအနေနဲ့ ထုတ်ပြန်ကြေညာစေချင်တယ်" ဟု ကေအိုင်စီသို့ပြောသည်။

ထို့ပြင် နိုင်ငံခြားသို့ သွားရောက် လုပ်ကိုင်နေရသူအချို့သည် သန်းခေါင်စာရင်းတွင် အမည်စာရင်းမပါမည်ကို စိုးရိမ်သည့်အတွက် ပြည်တွင်းကျန်ရှိသော မိသားစုဝင်များဆီမှတဆင့် ဖုန်းဆက်ပြီး မဖြစ်မနေ ထည့်ခိုင်းပေး ထား မှုများလည်း ရှိသည်ဟု သန်းခေါင်စာရင်းကောက်သည့် စာရင်းကောက်ဆရာမများက ပြောသည်။

ယင်းသန်းခေါင်စာရင်းကောက်မည့်အချိန်ကို မိသားစုတချို့မှ စာရင်းမပါမည်ကိုစိုးရိမ်သည့် အတွက် အလုပ်ပျက်ခံပြီး ကိုယ်တိုင်စာရင်းပြန်လာထည့်သည့် ရွေ့ပြောင်းအလုပ်သမားများလည်းရှိသည်ဟု
သိရသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သိကောင်းစရာများ စာအုပ်တွင် (က) - သန်းခေါင်စာရင်းကောက်ယူစဉ်ကာလ ပြည်ပကိုရောက်ရှိနေကြသော အိမ်ထောင်စုဝင်များ၏ အချက်အလက်များကိုလည်း ကောက်ယူရမည်ဟုဖေါ်ပြပါရှိပြီး ပြည်ပနိုင်ငံသို့ တရားဝင် သွားသည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ နိုင်ငံခြားတိုင်းပြည် (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ အချက်အလက်များကိုလည်းရယူမည်ဟု သိရသည်။