Ms. Jade ရေးသားသည်.........
ဧရာဝတီမြစ်ဘေးတလျှောက် ကချင်ပြည်နယ်ထဲက မြစ်ကြီးမြို့နယ်အတွင်း တစ်ဂျုံးဂျုံး မြည်သံများနှင့် အတူ စက်ယန္တရားများဖြင့် လည်ပတ်ပြီး ရွှေတူးဖော်နေမှုများကြောင့် သဲပုံကြီးများ၊ ကျောက်ပုံကြီးများ၊ ချိုင့်ကွက် ကြီးများက မေခ-မလိခ မြစ်ဆုံဒေသ၏ သဘာဝ အလှနှင့် ဧရာဝတီမြစ်ဖျားပိုင်း၏ အလှများကို အကျည်းတန် နေစေသည်။
မြစ်ကြီးနားမြို့မှ ရွှေကူမြို့အထိ ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ထော်လာဂျီများတွင်အသုံးပြုသော တစ်လုံးထိုးအင်ဂျင်များဖြင့် (ဒေသအခေါ်) ဝါးဖောင်-ရွှေဖောင်-ရေငုပ်ကျင်း ရွှေဖောင်များအပြင် ခြောက်လုံးထိုး အင်ဂျင်၊ ရှစ်လုံးထိုးအင်ဂျင်များဖြင့် တရုတ်ဖောင်-သံဖောင်များ၊ မြေတူးမြေကော်စက်ကြီးများဖြင့် ရွှေတူးနေ ကြသည်။
စက်အသေးအကြီးအလိုက် လူနှစ်ဦးမှသည် ၁၀ ဦးအထိ လုပ်ကိုင်တတ်သည့်အတွက် လက်ရှိ ဧရာ၀တီမြစ်ဆုံ ဒေသအနီးတဝိုက်က အကြီးစားရွှေတူးဖော်မှုများတွင် လုပ်သားဦးရေ ထောင်ဂဏန်းအထိရှိနိုင်သည်ဟု ရွှေတူး ဖော်ရေးလုပ်ငန်းလုပ်ခဲ့ဖူးသူ ကိုမာနော်က ခန့်မှန်းသည်။
အင်ဒေါ်ယန်ကျေးရွာသည် မြစ်ဆုံနှင့် အင်ဂျန်းယန်မြို့နယ်ကြားတွင် တည်ရှိသည့်ကျေးရွာဖြစ်ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်ကျောင်းလည်း ရှိသည်။ အိမ်ခြေ ၂၀ ခန့်သာရှိသော ကချင်ရွာလေးက ရွာသားများသည် ဥယျာဉ်ခြံစိုက်ပျိုးရေးနှင့် တောင်ယာလုပ်ငန်းတို့ကို အဓိက လုပ်ကိုင် ကြသည်။
ရွှေတူးဖော်သည့် စက်များက ရွာရှိ အိမ်ခြေထက်ပိုများလာရာက မြစ်ဆုံဆည်စီမံကိန်းနှင့် တိုက်ပွဲများ၏ ဒဏ်များက အင်ဒေါ်ယန်ကို ၂၀၂၂ ခုနှစ် မေလမှစတင်၍ ပျက်သွားစေတော့သည်။

“ရွာက သေးသေးလေး။ အဲ့ဒါကို ဖားကန့်မှာ ကျောက်တူးနေသလိုမျိုး စက်ကြီးတွေနဲ့ တူးနေကြတာ။ အဲ့ဒီ ရွာ က အိမ်ခြေကလည်း ၁၀ ကျော် ၂၀ လောက်ပဲရှိတာ။ အဲ့ဒါကို စက်ကြီးတွေနဲ့ အလုံး ၅၀ လောက်နဲ့ တူးနေတာ။ တူးလိုက်ရပ်လိုက်ပဲ။ အခုရွာက ပျက်သွားပြီ။ ခြံတွေလည်း ရေအိုင်တွေဖြစ်ကုန်တာ။ ရွာသားတွေက ဟိုး တောင်ပေါ် သူတို့တောင်ယာတွေမှာ သွားနေနေကြတယ်။ ဘယ်သူမှလည်း မပြောရဲကြဘူး။ အဲ့နားက မလိဇွပ် ရွာတော့ ကျန်သေးတယ်။ ရွာသားတွေက တချို့ကကြောက်ပြီး ခြံတွေကို ရောင်းလိုက်ကြတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
မြစ်ရေတက်သည့်အခါ ကုန်းဘက်ကို တိုး၍တိုး၍ ရွှေဆက်တူးသွားခြင်းက ရွာကခြံများထဲ ရွှေတူးခြင်းများ ဖြစ် လာခဲ့တော့သည်။
“ရွာနားအထိ ရွှေတူးကြတော့ ရွာသားတွေကလည်း ကြာရင် မြေတွေဆုံးရှုံးရမှာကြောက်တော့ လုပ်ငန်းရှင် တွေကို တချို့က စရောင်းကြတယ်။ အဲ့လို ရောင်းရင်းကနေ ပိုဆိုးလာတော့ ကျန်တဲ့ရွာသားတွေလည်း ထပ် ရောင်းကြတာမျိုးပေါ့” ဟု ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုကျေးရွာက ရွာသူရွာသားများသည် တောင်ပေါ်ရှိ ၎င်းတို့၏ တောင်ယာများသို့ ပြောင်းရွှေ့နေထိုင် နေကြရသည်ဟု မြစ်ဆုံ ဒေသခံများက ပြောသည်။
မြစ်ဆုံတဖက်ကမ်းတွင်ရှိသည့် အင်ဒေါ်ယန်ကျေးရွာ၏ ရွာလမ်း၊ အိမ်ခြံဝန်းများ၊ လယ်ယာ၊ ဥယျာဉ်ခြံများထဲ တွင် ရွှေတူးဖော်နေမှုများကြောင့် ချိုင့်ဝှမ်း၊ ချိုင့်ကွက်၊ ရေကန်၊ မြေစာပုံများနှင့် ပြည့်လာနေပြီး ရွာပျက်သည့် အခြေအနေထိ ဖြစ်သွားပြီဟု မြစ်ဆုံဒေသခံများ က ပြောသည်။
အလားတူပင် မြစ်ဆုံ၏အထက်ပိုင်းရှိ အင်ဂျန်းယန်-ဂွေထောင်သွားလမ်းဘက် ရွာများမှာလည်း ရွှေတူးဖော်မှု၏ နောက်ဆက်တွဲဒဏ်ကိုခံနေရသည်။
“တောင်ပန်ကျေးရွာ၊ မလိအင်မိုင်ဇွပ်ကျေးရွာ၊ အင်ဒေါ်ယန်ကျေးရွာတို့မှာ ဆိုး ဆိုးရွားရွားတူးဖော်နေတာကို တွေ့ရတယ်။ အခုလိုအရှိန်နဲ့သာ ဆက်တူးနေမယ်ဆိုရင် မြစ်ဆုံ လုံးဝပျက်စီးသွား မယ့် အခြေအနေပေါ့နော်။ ကျမတို့ ငယ်ငယ်က သောက်ခဲ့တဲ့ အရမ်းကြည်တဲ့ မြစ်ဆုံရေက ကော်ဖီရောင် ဖြစ် နေပြီ။” ဟု မဇွပ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ”ငါးရှာခဲ့တဲ့ချောင်းတွေ ပျောက်သွားပြီ။ အရင်က ရွာသားတွေက ငါးရှာပြီး မိသားစုစားဝတ်နေရေး ရှာ ဖွေခဲ့ကြတယ်။ အခု ငါးတွေမရှိတော့ဘူး။ ကျမတို့ မွေးထားတဲ့ ကျွဲနွားတွေအတွက် စားကျက်မြေတွေ မရှိတော့ ဘူး။ ရွှေတွေတူးလိုက်ကြပြီ။ ဒေသခံတွေ လုပ်စားဖို့ အခင်း နေရာတွေမရှိတော့ဘူး။ ကျမတို့ရွာ ဒီမဇွပ်ရွာဆို စ ပျက်စီးတဲ့ အနေအထားထိရှိလာတယ်” ဟု ဆက်ပြောသည်။
မြစ်ဆုံရွှေတူးဖော်မှုများကို လေ့လာစောင့်ကြည့်နေသည့် HKA SHI Network (ခရှီကွန်ရက်) အဖွဲ့ က တာဝန်ရှိ သူ တစ်ဦးက “ကျမတို့စစ်တမ်းအရ မြစ်ဆုံပတ်ဝန်းကျင်၊ မြစ်ဆုံထဲမှာ မြစ်ဆုံနားမှာ မြစ်ဆုံအထက်ဘက် အောက် ဘက်၊ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း အကုန်လုံးတယ်။ အခုဆိုရင် ရေလမ်းကြောင်းတွေ လွှဲကုန် ပြီ။ နောက်ပြီး ကမ်းပါးတွေအကုန်ပြိုကုန်ပြီ။ ရေကာထားတဲ့ ကမ်းပါးတွေလည်း မရှိတော့ဘူး။ မလိအင်မိုင် ဇွပ် မြစ်ဆုံနေရာက လုံးဝကို ပျောက်တော့မှာ။ မယ်တော်ဂူလည်း ကျွန်းလေးနည်းနည်းပဲ ကျန်တယ်။ မြစ်ဆုံ ဟာ လုံးဝပျက်စီးနေပြီဖြစ်တယ်။ ဆက်တူးမယ် ဆိုရင် တန်ဖဲရွာပါ ပျောက်ကွယ်သွားမယ်။ ရေမြုပ်သွား တော့ မှာ” ဟု ပြောသည်။
“မိုးရွာရင် ကုန်းပေါ်မှာတူးတယ်။ မိုးရွာတော့ မြစ်ထဲမှာ ရေတက်တယ်လေ။ အဲ့တော့ ကုန်းပေါ်မှာတူးကြတယ်။ မိုးမရွာတဲ့အချိန် ရေကျပြီဆိုတာနဲ့ ရေထဲပြန်တူးကြပြီ” ဟု မြစ်ဆုံဒေသခံတစ်ဦးက ၎င်းတို့၏ ဒေသအတွင်း လက်ရှိရွှေတူးဖော်မှု အခြေအနေများနှင့် ပတ်သက်၍ ပြောသည်။
ကချင်ပြည်နယ် မြစ်ဆုံအနီးတဝိုက်တွင် ရွှေတူးဖော်မှုများကို လုပ်ငန်းရှင် တစ်ယောက်ကလွဲ၍ ကျန်တဲ့ လက် လုပ်လက်စား အသေးစား ရွှေတူးဖော်မှုများကို လုပ်ငန်းရပ်နားခိုင်းထားခံရသည်ဟု ဒေသခံများက ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဘီဘီစီ မြန်မာပိုင်းတွင် ပြောဆိုထားသည်။
“သတင်းဌာနတွေက နည်းနည်းရေးလိုက်ရင် သူတို့က ဒီရွှေတူးတာကို ခနရပ် တယ်။ နောက်ပြီး သူတို့မောရင် ခဏရပ်တယ်။ ဒီလိုပါပဲ။ ပြီးရင် ပြန်တူးကြတာပဲလေနော်။ အခုထိလည်း ဘယ် သူတွေ ဘာပဲပြောပြော တူးနေ ကြတာပဲ” ဟု ဘာသာရေးခေါင်းဆောင်တစ်ဦး က ပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)က ပြည်နယ်အတွင်း မြစ်၊ ချောင်း၊ မြစ်ကမ်းဘေးတစ်လျှောက် စက်ယန္တရား ကြီးများ အသုံးပြုလျက် တရားမဝင်ရွှေတူးဖော်နေခြင်းများကို အမြန်ဆုံးရပ်ဆိုင်းဖို့ မတ်လ ၉ ရက်နေ့က တိုက် တွန်းပန်ကြားခဲ့သည်။
မေခနှင့် မလိခ မြစ်နှစ် စင်း၏ အလယ်ကျွန်းရှိ ဒေသအခေါ် မယ်တော်ဂူဆိုတာရှိသည်။

မယ်တော်ဂူကို ကက်သလစ် ခရစ်ယာန် (RC) ဘာသာဝင်များ၏ အထိန်းအမှတ်တစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖာသာပေါလ်လဆန်လက ဦးစီးတည်ဆောက်ခဲ့ပြီး သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် တွင် ဂူဖွင့်ပွဲကျင်းပခဲ့သည်။ နှစ်စဉ် ဇန္နဝါရီလ ၄ ရက်နေ့ကို မယ်တော်ဂူပွဲတော် သို့မဟုတ် မြစ်ဆုံမယ်တော်ပွဲနေ့ အဖြစ် ကျင်းပလေ့ရှိကာ လူထောင်ချီဝတ်ပြုဆုတောင်းပွဲကို တက်ရောက်လေ့ရှိသည်။
ထိုဂူအနီးရှိ ခဘာဂျာမှော် ဆိုသည့်နေရာတွင်လည်း စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသည့်အတွက် မယ် တော်ဂူပါ ထိခိုက်ပျက်စီးလာနိုင်သည့် အခြေအနေမျိုးရှိ လာနေပြီဟု တန်ဖဲ-မြစ်ဆုံက ဒေသခံများနှင့် ဘာသာ ရေး ခေါင်းဆောင်များက စိုးရိမ်ကြသည်။
“အခုက မယ်တော်ဂူဘက်မှာ ကမ်းပါးတွေ တိုက်စားကုန်ပြီ။ ဆက်ပြီး ဒီအတိုင်းပဲ တူးမယ်ဆိုရင်တော့ မယ် တော်ဂူက ထိခိုက်သွားမှာ။ အဲ့လိုမျိုးဆက်တူးရင်တော့ မယ်တော်ဂူလည်း အင်ဒေါ်ယန်လိုပဲ ပျက်သွားမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အင်းတော်ကြီးဒေသ၊ ဖားကန့်၊ ပူတာအို၊ နမ့်ဆန်ယန်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံနေရာနှင့် ဧရာဝတီ မြစ် ရိုးတစ်လျှောက်တွင် စက်ယန္တရားကြီးများနှင့်ရော၊ အသေးစားရွှေတူးဖော်ရေး လုပ်ငန်းများပါ အများအပြားရှိနေ လာသည့် အတွက် ဒေသခံများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် အချို့နေရာများ တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကပါ ရွှေတူးဖော်မှုများကို ရပ်တန့်ဖို့ တားမြစ်ထားသည်။
သို့သော် မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်မှုက ဆက်လက်ရှိနေပြီး လက်ရှိ အခြေ အနေများနှင့် ပတ်သက်၍ ဒေ သခံရွာသားများက လက်ရှိစစ်ကောင်စီနှင့် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ကို စာပေးပို့ခဲ့ သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အလားတူပင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုလည်း ဒေသခံများက စာပေးတိုင်ကြားသော်လည်း ယခုအချိန် ထိ မရပ်တန့်နိုင်သေးဘဲရှိနေသည်။
မြစ်ဆုံဒေသတဝိုက်က အကြီးစားရွှေတူးဖော်မှုကို မည်သူက အဓိက လုပ်ဆောင်နေသနည်း။
၂၀၂၁ ခုနှစ် မေလခန့်မှစတင်ပြီး မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်ရေး လုပ်ငန်းများ တဖန်ပြန်စတင်လာခဲ့ခြင်း ဖြစ်ကာ Jade land ကုမ္ပဏီပိုင်ရှင်က အဓိကဖြစ်သည်ဟု ဒေသခံများနှင့် ကချင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
Jade land ကုမ္ပဏီပိုင်ရှင် ဦးယွပ်ဇော်ခေါင်သည် လက်ရှိ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ခမည်း ခမက်တော်စပ်သူ ဖြစ်သည်။ သူသည် ကချင်ရိုးရာစာပေယဉ်ကျေးမှု အဖွဲ့ တွင်လည်း ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူခဲ့ဖူးပြီး လူထုအသိုင်းအဝိုင်းအတွင်း ဩဇာရှိသူဖြစ်သည်။
ထို့အပြင် မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး ကြားခံ ညှိနှိုင်းဆောင်ရွက်ပေးလေ့ရှိသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ကိုလည်း ဦးဆောင် သူဖြစ်သည်။
ကျောက်စိမ်းနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သူ ဦးယွပ်ဇော်ခေါင်သည် မြစ်ဆုံဒေသတွင် လုပ်ဆောင်နေသည့် ရွှေတူးဖော်မှု လုပ်ငန်းများကြောင့် ဒေသခံများ၏ ဝေဖန်မှုကို ခံနေရသူ ဖြစ်သည်။
ဦးယွပ်ဇော်ခေါင်ကတော့ သူပိုင်ခြံဝန်းအတွင်း တူးဖော်ပြီးသားနေရာကိုပြန်တူးခြင်းသာဖြစ်သည်ဟု မြစ်ကြီးနား သတင်းဂျာနယ် ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်ပြောဆိုထားသည်။
“ကျနော်က WMR ကို ပြောပြတယ် ကျနော်လုပ်မယ့် လုပ်ငန်းစဉ်ကို။ အရင်က ပျက်စီးသွားတဲ့ ကျနော့်ခြံကို ကျနော်ပြန်ပြုပြင်တယ်။ တခြားလူတွေက အကုန်တူးလိုက်ပြီ။ ကျနော့်ရဲ့ ခြံထဲဆို ဟိုးလိုဏ်ခေါင်းတောင် ဖြစ် နေပြီ တူးလိုက်ကြတာ။ အဲ့လိုသူတို့တူးထားတဲ့နေရာမှာပဲ ကျနော်က ရွှေရနိုင်တယ်ဆိုပြီး ပြန်တူးတာပါ။ ရွှေ လည်းတူးတယ်။ ပျက်စီးနေတာကိုလည်း ပြန်ပြုပြင်တာပါ” ဟုပါရှိသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစတင်၍ မြစ်ဆုံဒေသတဝိုက်က ရွှေလုပ်ကွက်အငယ်များနှင့် တပိုင်တနိုင်တူးဖော်မှုများကို ရပ်တန့်ရန် စစ်ကောင်စီခန့် တိုင်းမှူးအမိန့်နှင့် ထုတ်ပြန်ထားသည့် စာတစ်စောင်ကို ကချင်ပြည်နယ် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက ရရှိခဲ့သည်ဟု သိရသည်။
သို့သော်လည်း လုပ်ငန်းရှင်များ၏ စက်ယန္တရားကြီးများနှင့် တူးဖော်နေမှုများကို ရန်တန့်ရန် ထုတ်ပြန်ခြင်းမျိုး မရှိ ဟု အရပ်ဘက် အဖွဲ့အစည်းများ က ဆိုသည်။
“အခုက သူတို့က (လုပ်ငန်းရှင်ကြီး)တွေက မရပ်ဘဲ ဒေသခံတွေရဲ့ တပိုင်တနိုင်တူးတာ တွေကိုတော့ ရပ်ခိုင်း တယ်လေ။ သူတို့ကတော့ ဆက်တူးနေကြတာ။ ရေထဲမှာရော ကုန်းပေါ်မှာရော အများကြီးပဲ။ ဒေသခံတွေက ဘယ်လောက်ပဲ ပြောပြော၊ တားတား၊ သတင်းတွေမှာ ဘယ်လောက်ပဲ တက်တက် ဘာကိုမှ ဘယ်သူ့ကိုမှ ဂရုမ စိုက်ဘူး။ အဲ့ဒါကြောင့်မို့လို့ ဒေသခံတွေသုံးသပ်တာက ဒါက အထက်က လူကြီး ထိပ်ပိုင်း လူကြီးတွေနဲ့ စစ်အာ ဏာရှိတဲ့ လူတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပေါ့နော် အတူတူလုပ်စားတယ် အဲ့ဒါကြောင့်မို့ လုပ်ငန်းရှင်တွေက ခေါင်းမာနေတယ်လို့ပဲ ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) အစိုးရလက်ထက်တွင် ပြည်နယ်လုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့က ဓါတ် သတ္တုအသေးစား ထုတ်လုပ်ရန်အတွက်ဟု ဆိုကာ Jadeland ကုမ္ပဏီကို တန်ဖဲကျေးရွာတွင် ရွှေသတ္တုတူးဖော်ရန် ငါးနှစ်သက်တမ်းဖြင့် လုပ်ကွက်ဧရိယာ အကျယ်အဝန်း လေးဧက လုပ်ပိုင်ခွင့်ချထားပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ၂၀၂၀ - ၂၀၂၅ ခုနှစ်အထိ ထုတ်လုပ်ရေးကာလအတွက် မြေ ငှားရမ်း ခ အနေဖြင့် တစ်နှစ်လျှင် ၄၈,၅၇၀ ကျပ် ဖြင့် ခွင်ပြုမိန့်ပေးထားခြင်း ဖြစ်သည်။
သို့သော် မြစ်ကြီးနားအထက်ပိုင်း မြစ်ဆုံအထက်ဘက်ရှိ မြစ်ကမ်းနံဘေးတစ်လျှောက်တွင် Jadeland ကုမ္ပဏီပိုင် ရွှေလုပ်ကွက်များရှိကာ လုပ်ကွက်များအနီးတွင်လည်း လုံခြုံရေးများချထားသည်။
ထို့အပြင် ကချင်ပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်းက ပြည်နယ်အတွင်း ရွှေတူးဖော်ရန် အဓိက လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု မြစ်ဆုံဒေသခံများနှင့် ပြည်နယ်အတွင်း သတ္တုတူးဖော်နေမှုများကို လေ့လာနေသည့် အရပ် ဖက်အဖွဲ့အစည်းများက ပြောသည်။
ဒေသခံတစ်ဦးက “ကချင်ပြည်နယ်မှာ ရှိနေတဲ့ သတ္တုလုပ်ငန်းရှင်များအသင်းက အဓိက လုပ်နေတာ။ ကချင် လုပ်ငန်းရှင်ဆိုတဲ့နေရာမှာ ဒေသထဲက ရှမ်းတွေလည်း အများစုပါတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့လက ဧရာဝတီ မြစ်ကြောင်းပေါ်မှာ ရွှေတူးနေကြတာနဲ့ ပတ်သက်ပြီးတော့ အသင်းတော် တစ်ခုကနေ Survey လုပ်ခဲ့တာရှိ တယ်။ အဲ့ဒါက ရွှေဖောင်တွေကို လိုက်မေးတဲ့အခါမှာ ၄၃ ခုမှာ ကချင်ဖောင်က သုံး-လေးခုပဲ ပါတယ်တဲ့။ ကျန် တဲ့ဟာတွေက ရှမ်းတွေရဲ့ ဖောင်တွေ များတယ်တဲ့။ မြစ်ကြီးနားမှာပေါ့နော်။ ဒီမြစ်ဆုံ အထိပေါ့။ တချို့ကလည်း တရုတ်နဲ့စပ်တဲ့ရှမ်းတွေပေါ့လေ။ အခု သဘာဝသယံဇာတနဲ့ သတ္တုတွင်းဝန်ကြီး သူကိုယ်တိုင်ကလည်း သတ္တု တူး နေတဲ့လူလေ။ အဲ့ဆိုတော့ အကုန်လုံးကလည်း တူးကြ၊ ဖော်ကြ အဲ့လိုမျိုးလေနော်” ဟု ပြောသည်။
NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှစတင်၍ လုပ်ငန်းရှင်များ၏ ရွှေတူးဖော်မှုများနှင့်ပတ်သက် ပိတ်ပင်တား မြစ်ထားခဲ့ရသည်။ သို့သော် အကန့်အသတ်ဖြင့် အသေးစားတူးဖော်မှုကိုတော့ ခွင့်ပြုပေးထားခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အကြီးစားတူးဖော်မှုများပါပြန်ပေါ်လာခြင်းဖြစ်သည်။
ပူတာအို၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးမြို့အတွင်းက ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ၊ မြစ်ဆုံအထက်ပိုင်းဒေသများ၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်၊ ရွှေကူ၊ တနိုင်း၊ မိုညင်း၊ ဖားကန့်၊ အင်ဂျန်းယန်နှင့် မချမ်းဘော့မြို့နယ်များတွင်း စစ် အာဏာသိမ်းပြီးနောက် ရွှေတူဖော်မှု လုပ်ငန်းများကို လုပ်နေကြသည်ဟု သဘာဝပတ်ဝန်းကျင်အရေး လုပ် ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတတိုင်ရာ အခြေအနေများကို ထင်ဟပ်စေသည့် စက္ကူဖြူစာတမ်းတွင် ရေးသား ထုတ်ပြန်ထားသည်။
အဆိုပါ စက္ကူဖြူစာတမ်းကို ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တဝှမ်းလုံးတွင် စနစ်မကျသည့် ရွှေတူးဖော်မှုများ၊ စက် ယန္တယားကြီးများအသုံးပြုပြီး သဘာဝ သယံဇာတများကို တူးဖော်ထုတ်ယူနေခြင်းများ လုံးဝရပ်တန့်ရန် ကချင် ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများက ၂၀၂၁ ခုနှစ်မှ စတင်၍ ယနေ့အချိန်ထိ တောင်း ဆိုနေကြသည်။
ရွှေတူးဖော်မှုများကြောင့် ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ကို ထိခိုက်လာခြင်း၊ ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မှုများ ဆုံးရှုံးလာနေခြင်း၊ သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုများကြောင့် ပျက်စီးပြုန်းတီး ဆုံးရှုံးလာခြင်း၊ ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ကချင်လူ ထုအတွင်း စည်းလုံးမှုများ ပျက်ပြားလာခြင်းနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပျက်စီးလာခြင်းတို့ကြောင့် စနစ်မကျသည့် စက်ယန္တရားကြီးများ အသုံးပြုပြီး လုပ်ကိုင်နေသည့် ရွှေတူးဖော်မှုများကို ရပ်တန့်လည်း တောင်း ဆိုနေကြခြင်း ဖြစ်သည်။
သို့သော်လည်း မြစ်ဆုံဒေသတွင် ရွှေတူးထုတ်သည့် အင်ဂျင်စက်ကြီးများ အားကောင်းကောင်းနှင့် ဆက်လက် လည်ပတ်နေစဲဖြစ်သည်။ ကချင်တိုင်းရင်းသားတို့၏ အထင်ကရ မြစ်ဆုံဒေသကို ကယ်တင်နိုင်မည့်သူကတော့ မပေါ်ထွက်လာသေးပေ။



