မဲစာရွက် ၃ရွက်တွင် ပါတီတစ်ခုထဲသာ မဲမထည့်ပါက ပယ်မဲဖြစ်မည်ဟု သတင်းမှားဖြန့်မှုရှိ

မဲစာရွက် ၃ရွက်တွင် ပါတီတစ်ခုထဲသာ မဲမထည့်ပါက ပယ်မဲဖြစ်မည်ဟု သတင်းမှားဖြန့်မှုရှိ

နန်းဝေဖြိုးဇာ — လွှတ်တော် မဲသုံးနေရာစလုံးတွင် ပါတီတစ်ခုထဲကိုသာ မဲမထည့်ပါက ပယ်မဲဖြစ်မည်ဟု ဒေသအတွင်း မဟုတ်မမှန် ဖြန့်ဝေပြောဆိုမှုရှိနေသည်ဟု ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းများက ပြောသည်။

လက်ရှိအချိန်တွင် မဲမထည့်တတ်သူများကို ဦးတည်၍ လွှတ်တော်မဲ ၃နေရာစလုံးတွင် ပါတီတစ်ခုထဲကိုသာ မဲထည့်ရ မည်ဖြစ်ပြီး ပါတီမတူဘဲ မဲထည့်ပါက ပယ်မဲဖြစ်သွားမည်ဟုဆိုပြီး သတင်းမှား ဖြန့်ချိပြောဆိုမှုများရှိသဖြင့် မဲတစ်နေရာ သာရှိသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ မဲရရှိမှု နည်းသွားနိုင်သည်ဟု ဖားအံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အမျိုး သားလွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း နန်းခင်သက်မာဝင်းက ပြောသည်။

“ပါတီထောက်ခံတဲ့သူတွေက ရွာတွေမှာ မဲအားလုံးရချင်ဇောနဲ့ မသိနားမလည်တဲ့လူတွေကို အမှားလိုက်ပြောတာရှိ တယ်။ မသိတဲ့လူတွေက သူများပြောသလို အေးဆိုပြီး လုပ်တဲ့အနေအထားဆိုတော့ ကျမတို့ တစ်သီးပုဂ္ဂလတွေ မဲရရှိမှု လျော့ကျသွားမှာပေါ့။ အဲလို သတင်းမှားလိုက်ပြောတာ ကျမတို့ တစ်နယ်ထဲ မကဘူး။ တစ်ခြားနယ်မှာလည်း အဲလို ကြားရတယ်။ မဲထည့်ရင် ၃မဲစလုံး ပါတီတစ်ခုထဲကိုပဲ ထည့်ရမယ်ဆိုတာ ဟုတ်လားဆိုပြီး ကျမကို ဖုန်းပြန်ဆက်မေးတဲ့ မဲဆန္ဒရှင်တချို့ရှိတယ်။ သူတို့ကို ပြန်ရှင်းပြရတယ်။”ဟု နန်းခင်သက်မာဝင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မဲအသိပညာပေး မှားယွင်းဖြန့်ဝေမှုများသည် တစ်ဆင့်ခံ မှားယွင်းဖြန့်ဝေနေကြခြင်းဖြစ်ပြီး မဲပညာပေးခြင်း အားနည်းသည့် ကျေးလက်ဒေသများတွင် ပိုတွေ့ရသည်ဟု လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်နယ်လွှတ်တော် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စောကျော်လွင်ဦးကလည်း ယခုလို ပြောသည်။

“ကျေးရွာတွေမှာ တစ်ချို့တစ်ဆင့်ခံတွေက မှားပေးတဲ့မဲအသိပညာပေးတွေများတယ်။ မဲစာရွက် ၃ရွက်မှာ ကိုယ်ကြိုက် တဲ့ပါတီကို မဲပေးလို့ရတာကိုမပြောဘဲ  မှားယွင်း စည်းရုံး ပြောဆိုတာတွေ ရှိတဲ့အတွက် မဲထည့်မယ့်နေ့မှာ ကျနော်က အစိုးရိမ်ဆုံးပဲ။ ကျနော်က ပြည်နယ် တစ်နေရာထဲပဲပါတော့ သူတို့ ကျနော်ကို မဲပေးချင်ပေမယ့်လည်း မပေးရဲတော့တာ တွေ ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်ရှိ အချို့ကျေးရွာများတွင် သက်ကြီးရွယ်အိုများ အပါအဝင် အွန်လိုင်း သုံးတတ်သည့် လူငယ်များလည်း လက်တွေ့တွင် မဲမထည့်တတ်သလို ခိုင်လုံမဲ၊ ပယ်မဲ ဖြစ်နိုင်သည့်အချက်ကိုလည်း ဒေသအတွင်း မဲဆန္ဒရှင် တော်တော် များများက မသိကြကြောင်း ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (Karen State Civil Society Organizations Network _ KSCN) ၏ ဖားအံမြို့နယ် မဲပညာပေး လုပ်ငန်းစဉ် ကွင်းဆင်းတာဝန်ခံ နန်းတင်တင်လှိုင် ကလည်း ရှင်းပြပြောဆိုသည်။

“ကျမတို့က မဲအသိပညာလိုက်ပေးတဲ့အချိန်မှာ တွေ့ရတာက လူထုတွေက ပယ်မဲလား ဘာလားမသိဘူး။ သူများပြော သလိုပဲ၊ မဲဘယ်နှစ်ခုထည့်ရတာလည်း မသိဘူး။ မဲအသိပညာပေးကောင်းကောင်းရရင် မဲ ၃မဲစလုံး ပါတီမတူလည်း ကိုယ်ကြိုက်တဲ့ပါတီ မဲထည့်ရတယ်ဆိုတာ သူတို့သိမှာပါ။ အခုက Covid ကြောင့် အားလုံး မဲအသိပညာပေး လိုက်လုပ် လို့လည်း မရဘူး။ သူတို့တွေကို မဲပေးတာ ပါတီနဲ့ အရပ်ဖက်အချို့ပဲ ရှိတယ်။ UEC တွေကလည်း အသိပညာပေး လိုက် လုပ်ပေးလို့လည်း မနိုင်ဘူး။ အချို့က မဲသာ ထည့်လိုက်တာ ဘာမှန်းတောင်မသိဘူး။”ဟု ပြောသည်။

ကရင်ပြည်နယ်တွင် မဲထည့်နိုင်သည့် မဲဆန္ဒရှင် ၁၂သိန်းကျော်ရှိကာ ထိုအထဲတွင် ကြိုတင်မဲပေးထားပြီးသည့် လူဦးရေ တစ်သိန်း ငါးသောင်း ငါးထောင်ကျော် ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...