ပြည်နယ်လွှတ်တော် ၄နှစ်ကျော်အတွင်း လှိုင်းဘွဲမြို့နယ်အတွက် ကြယ်ပွင့်ပြမေးခွန်းမရှိခဲ့

ပြည်နယ်လွှတ်တော် ၄နှစ်ကျော်အတွင်း လှိုင်းဘွဲမြို့နယ်အတွက် ကြယ်ပွင့်ပြမေးခွန်းမရှိခဲ့

နန်းဝေဖြိုးဇာ — ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော်သက်တမ်း ၄နှစ်ကျော်အတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြမေးခွန်းများထဲတွင် လှိုင်းဘွဲမြို့နယ်အတွက် မေးခွန်းမေးမြန်းထားခြင်း မရှိခဲ့ကြောင်း ပြည်နယ်အခြေစိုက် လူမှုရေးရာသုတေသနအဖွဲ့(RISE)၏ လေ့လာတွေ့ရှိချက် သုတေသနမှတ်တမ်းအရ သိရသည်။

ကရင်ပြည်နယ် လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်တွင် မေးမြန်းထားခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း စုစုပေါင်း ၄၂၉ခုရှိသော်လည်း ထိုအထဲတွင် လှိုင်းဘွဲမြို့နယ်အတွက် လက်ရှိအချိန်ထိ မေးခွန်းမေးထားခြင်း မရှိသေးဟု သိရသည်။

၂၀၁၅ရွေးကောက်ပွဲတွင် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် ၂ခုမှ အနိုင်ရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ဦးရှိပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်၂ဦးအနက် တစ်ဦးမှာ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ကျန်တစ်ဦးမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်သွားခဲ့သည်။

ထို့အပြင် လွှတ်တော်ထဲတွင် လွှတ်တော်ဥက္ကဌအနေဖြင့် မေးခွန်းမေးမြန်းခွင့်မရှိသလို လူမှုရေးဝန်ကြီးဖြစ်သွားခဲ့သည့် လှိုင်းဘွဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ဝင်းကျော်မှာလည်း ၂၀၁၉ခုနှစ်တွင် ကျန်းမာရေးအရ အနား ယူပြီးနောက်ပိုင်း ကွယ်လွန်သွားခဲ့သည်။

ယင်းအခြေအနေအောက်တွင် လှိုင်းဘွဲမြို့နယ်အတွက် မေးခွန်းမေးမြန်းမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသော ကြောင့် ၎င်းမြို့နယ်၏အာဏာ ၃ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ခက်မသုံးခုကို ထိန်း ကြောင်းပေးရသည့်အပိုင်းမှာ လစ်ဟာမှုဖြစ်သွားခဲ့သည်ကို တွေ့ရှိရကြောင်း လူမှုရေးရာသုတေသနအဖွဲ့(RISE)မှ နန်းမြသီတာက သုံးသပ်ပြောဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေက ဝန်ကြီးဖြစ်သွားတဲ့အတွက် သူတို့လိုချင်တဲ့ လမ်း၊ တံတား၊ စီမံကိန်းတွေက လွှတ် တော်မှာ မတင်လည်း တန်းရတယ်လေး။ အစိုးရဘတ်ဂျက်လိုတဲ့ဟာ ပြည်သူက ရသွားပေမယ့် ဒီဟာကို ပြန်ထိန်း ကြောင်းထိန်းညှိတဲ့အခါမှာ မရှိဘူး။ ပြီးတော့ ဝန်ကြီး၊ အစိုးရတွေ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေ လက်ရှိဖြစ် နေတဲ့ ဌာနဆိုင်ရာကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိအောင် မေးပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် မရှိနေဘူး။ အဲဒီဟာ တော့ ဒေသခံတွေ ဆုံးရှူံးမှုရှိတယ်။”ဟု နန်းမြသီတာက ကေအိုင်စီသို့ ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၄၂၉ခုတွင် ပြည်နယ်တစ်ခုလုံးအတွက် ၂၄ခု၊ ဖားအံ မြို့နယ်အတွက် ၂၃ခု၊ ဖာပွန်မြို့နယ်အတွက် ၇၇ခု၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွက် ၁၁၇ခု၊ ကော့ကရိတ်မြို့နယ်အ တွက် ၁၆ခု၊ မြဝတီမြို့နယ်အတွက် ၁၁၁ခု၊ သံတောင်ကြီးမြို့နယ်အတွက် ၆၁ခုရှိပြီး  လှိုင်းဘွဲမြို့နယ်အတွက် လုံးဝ မရှိ ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် စောစည်သူဌေးက “လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်က ကိုယ်စားလှယ် မဟုတ်တဲ့ တာဝန်ကိုယ်စီယူထားရတော့ ပုံစံတွေ နည်းနည်းကွဲသွားတာတော့ တွေ့ရတာပေါ့။ ပြည်နယ်မှာတော့ မေး ခွန်းမေးထားတာ ရှိမရှိ မသိဘူးပေါ့။ ဒေသခံလူထုတွေအတွက် မေးခွန်းမေးတဲ့အပိုင်းမှာ ကျနော်တို့မြင်နေရတာက တချို့က ဒီအမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာပဲ တိုက်ရိုက်မေးမြန်းလုပ်တဲ့ပုံစံမျိုးတော့ တွေ့နေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်နယ်လွှတ်တော်တွင် မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများထဲတွင် စီမံခန့်ခွဲရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေး ကဏ္ဍ အများဆုံးဖြစ်ပြီး စိစစ်ထိန်းကြောင်းရေးကဏ္ဍတွင် အနည်းငယ်မေးထားသလို နိုင်ငံသားနှင့် တိုင်းရင်းသားအခွင့် အရေးကဏ္ဍကို အနည်းဆုံးမေးမြန်းခဲ့သည်ဟု လူမှုရေးရာသုတေသနအဖွဲ့(RISE) ပြုစုထားသည့်စာရင်းအရ သိရသည်။

ကရင်ပြည်နယ်တွင် ဒုတိယအကြိမ် လွှတ်တော် ၄နှစ်ကျော် သက်တမ်းကာလ ၂၀၂၀၊ နိုဝင်ဘာလအထိ လွှတ်တော် အစည်းအဝေး ၁၅ကြိမ် ခေါ်ထားခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၄၂၉ခုအပြင် အဆို ၃ခု၊ ဥပဒေကြမ်း၂၄ခုနှင့် စီမံကိန်း ၅ခု တင်ပြ အတည်ပြုသွားခဲ့သည်။

ကရင်ပြည်နယ်၏ အနာဂတ်လွှတ်တော် အားကောင်းစေရေးအတွက် ရည်ရွယ်၍ ၄နှစ်ကျော် လွှတ်တော်သက်တမ်းကာ လအတွင်း ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အချက်အလက် စုဆောင်းမှုကို ပြည်နယ်လွှတ် တော်၏ လစဉ်ထုတ်ဂျာနယ်၊ လွှတ်တော်ဝက်ဘ်ဆိုက်၊ လွှတ်တော်စာကြည့်တိုက်နှင့် လွှတ်တော်အစည်းအဝေးမှတ် တမ်းများမှ ရယူထားသည့်အပြင် လွှတ်တော်လေ့လာရေးနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို မေးမြန်းကာ သုတေ သနပြုလုပ်ထားခြင်းဖြစ်ကြောင်း RISE အဖွဲ့က အောက်တိုဘာလ ၃၁ရက်နေ့တွင် ရှင်းလင်းပြောဆိုခဲ့သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...