စဖန်းရှောင်း — ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးရရှိအတည်ပြုထားသည့် တိုင်းဒေသကြီး တစ်ခုလုံးအတိုင်းအတာအရ ကရင်ရေးရာမဲဆန္ဒရှင်စာရင်း(အချုပ်)လူဦးရေမှာ ဇူလိုင်လ ပထမအကြိမ် ထုတ်ပြန်ထားသည့် စာရင်းထက် လူဦးရေ ၇၀၀၀ (ခုနှစ်ထောင်)နီးပါးလျော့နည်းသွားကြောင်း သိရသည်။
တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ အောက်တိုဘာလ ၁၄ ရက်နေ့ စာရင်းချုပ်အရ ကရင်ရေးရာ မဲဆန္ဒရှင်ဦးရေမှာ ( ၉၈၀,၀၄၇) ဦးရှိသဖြင့် ပထမအကြိမ် ကရင်ရေးရာမဲဆန္ဒရှင်ထက် လူဦးရေ ၆,၉၃၇ လျော့ နည်းသွားခြင်းလည်းဖြစ်သည်။
“ အခုကတော့ လျော့သွားတာပေါ့။ လျော့သွားတယ်ဆိုတာကလည်း မြို့နယ်တွေရဲ့ Error (အမှား) လည်း ဖြစ်နိုင်တယ်။ မြို့နယ်တွေက အပေါင်းအနုတ်မှားတဲ့ Error ဖြစ်နိုင်တာပေါ့။ နောက်တစ်ခုက မဲဆန္ဒရှင် စာရင်း မှာ မပါသင့် မပါထိုက်သူတွေ ပါနေလို့လည်း ပြန်ဖြုတ်လိုက်တာဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်၊ အဲဒီ ၂ ချက် ကြောင့်ဖြစ်မှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်နိုင်က ပြောသည်။
၂၀၂၀ ခုနှစ် ပထမအကြိမ် ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ စာရင်းအရ ဧရာဝတီတိုင်းဒေ သကြီး ကရင်ရေးရာ မဲဆန္ဒရှင် စုစုပေါင်းမှာ( ၉၈၆,၉၈၄ )ဦး၊ ဒုတိယအကြိမ် အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးရရှိအတည်ပြုထားသည့် ကရင်ရေးရာ မဲဆန္ဒရှင်က စုစုပေါင်း ဦးရေ ၉၈၀,၀၄၇ ဦး ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကရင်ရေးရာအတွက် မဲဆန္ဒရှင်ဦး ရေမှာ ၉၅၀,၆၀၈ ဦးရှိပြီး မဲပေးသူဦးရေ ၇၂၄,၅၄၇ ဖြင့် မဲပေးသူရာခိုင်နှုန်း ၇၆.၂၂ ရှိကြောင်းရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ထားမှုများအရ သိရသည်။
ထို့အတူ နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီး ကရင်ရေးရာအတွက် ကရင်အမျိုးသားပါတီ -KNPနှင့် ကရင်ပြည်သူ့ပါတီ -KPP စသည့် ကရင်ပါတီများမှ ကိုယ်စားလှယ်လောင်းများ အပြင် ကရင်ကိုယ်စား လှယ်လောင်း ၆ ဦးဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်လည်းဖြစ်သည်။
ဧရာဝတီတိုင်း ကရင်ရေးရာအတွက် ဝင်ရောက်အရွေးခံမည့် KNP မှ ကိုယ်စားလှယ်လောင်း မန်းမင်းရဲထွေးက “ ဒီအတိုင်းဆိုလျော့သွားတဲ့သဘောရှိတယ်။ အရင်စာရင်းပြုစုတုန်းက တစ်ချို့က ရန်ကုန်တက်ပြီး အလုပ်လုပ် တာတို့ဘာတို့ရှိတယ်။ အဝေးရောက်နေသူတွေလည်းရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တက် အလုပ် လုပ်တဲ့သူတွေများတော့ အခုဆို ပြန်လာလို့မရတာတို့ မပြန်ချင်ကြတော့လည်းရှိနိုင်တော့ အဲဒါတွေကြောင့် လည်း ဖြစ်နိုင်တယ်” ဟုပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် လာမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စုစုပေါင်း ၄,၆၅၉, ၈၇၁ ဦးရှိ ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးရရှိထားသည့် စာရင်းများ အရ သိရသည်။







