NLD အစိုးရလက်ထက် ငါးနှစ်တာ၌ ကရင်ပြည်နယ်အသုံးစရိတ် ၂ဆကျော်မြင့်တက်

NLD အစိုးရလက်ထက် ငါးနှစ်တာ၌ ကရင်ပြည်နယ်အသုံးစရိတ် ၂ဆကျော်မြင့်တက်

နန်းဝေဖြိုးဇာ — NLD အစိုးရ၏ ၅နှစ်တာ သက်တမ်းကာလတွင် ကရင်ပြည်နယ်၏ အသုံးစရိတ်မှာ ယခင်အစိုးရသက်တမ်းထက် ၂ဆ ကျော်မြင့်တက်လာကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဖော်ပြထားသည့် စာရင်းအရ သိရှိရသည်။

ယခုအစိုးရသက်တမ်း ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှစ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ကရင်ပြည်နယ် သုံးစရိတ်သည် ကျပ် သန်း (၅၇၈,၀၉၈.၉၀၉)သန်း ရှိလာပြီး ယခင်အစိုးရ ငါးနှစ်သက်တမ်းတွင် ကျပ်သန်းပေါင်း (၂၄၄,၂၁၀.၇၇၅)သန်းသာ သုံးစွဲခဲ့သည့်အတွက် အသုံးစရိတ် ရာခိုင်နှုန်း ၁၃၆.၇၂၁အထိ တိုးလာသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာ န၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုအထဲတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွက် သုံးစွဲရန် လျာထားသည့် ကျပ်သန်းပေါင်း ၁၄၅,၂၉၆.၂၇၈သန်းမှာ မူလ ခန့် မှန်းခြေငွေစာရင်းသာဖြစ်ပြီး ယခုနှစ် အောက်တိုဘာလကျမှသာ စတင် သုံးစွဲရသေးကြောင်းလည်း သိရသည်။

ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ငွေအသုံးစရိတ်ကို သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၂မျိုးခွဲထားပြီး သာမန်အသုံးစရိတ်ထဲတွင် ဝန်ထမ်းလစာများ၊ အစိုးရဌာနဆိုင်ရာ အသုံးစရိတ်များ၊ ထောက်ပံ့ရေး အသုံးစရိတ်များ ပါဝင်သလို ငွေလုံးငွေရင်း အသုံးစရိတ်တွင် လမ်း၊ တံတား စသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည်ဟု သိရ သည်။

ယခုအစိုးရလက်ထက်တွင် အသုံးစရိတ် ပိုသုံးရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာသည်သာမက ဘဏ္ဍာငွေကိုလည်း ပိုမို ရှာဖွေရရှိခဲ့သည်ဟု ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာ ယာရေးဝန်ကြီး ဦးသန်းနိုင်က ကေအိုင်စီသို့ ပြောသည်။

“လမ်းတွေက ရွာချင်းဆက်လမ်းတွေကို ဦးစားပေးလုပ်တယ်။ ပြီးတော့ မီးဆိုရင်လည်း မြို့နယ်၇မြို့နယ် အကုန်ရပြီး။ ဒီလေးနှစ်ကျော် ငါးနှစ်ထဲမှာဆိုရင် မီးအတွက် ၅၀ရာခိုင်နှုန်းအထိ တိုးတက်လာပြီ။ ကျနော်တို့ ဘတ်ဂျက်ကို ပိုရလာ တဲ့အကြောင်းရင်းက ကျနော်တို့နိုင်ငံတော်ကို ပေးသွင်းတဲ့ အခွန်အကောက်တွေကနေပြီးတော့ သက်ဆိုင်ရာအချိုးအ လိုက် ကျနော်တို့ကို ပြန်ချပေးတာ ဖြစ်တယ်။”ဟု ဝန်ကြီးဦးသန်းနိုင်က ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ သုံးစွဲသည့် ဘတ်ဂျက်များတွင် လမ်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် စည်ပင်သာယာရေး တို့တွင် ပိုမိုသုံးစွဲထားကာ အသုံးစရိတ်အများစုသည် ဒေသ၏ စီးပွားရေးအခြေခံအဆောက်အဦးများနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုံးစွဲသည့် ငွေလုံးငွေရင်းအသုံးစရိတ်များဖြစ်ကြောင်း ကရင်ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်တွင် ထည့်သွင်းဖော်ပြထားသည်။

ယခုအစိုးရလက်ထက်တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အာဏာရပါတီ အနိုင်ရထားသည့် မဲဆန္ဒနယ်များတွင် သာ ဦးစားပေး ဘတ်ဂျက်ပိုသုံးနေပြီး အခြားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲဖြစ်သည်ကို တွေ့ရှိရ ကြောင်း ရွေးကောက်ပွဲ နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိထားသည့် ကရင်ပြည်သူ့ပါတီ(KPP)၏ ကရင်ပြည်နယ်၊ သံတောင် ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေဝင်းမြင့်က ယခုလို ပြောသည်။

“ဘာတွေပြောင်းလဲသွားလဲဆိုရင် ကျနော်တို့ဒေသမှာတော့ အပြောင်းအလဲသိပ်မရှိဘူး မြင်တယ်။ ကျနော်တို့ဆိုရင် မသိမသာ ချန်ထားတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ လွှတ်တော်မှာ တင်ပြနေတာပဲ။ ဒါပေမယ့် လာမယ့်ဘတ်ဂျက်မှာ ရှိရင်ပေးမယ်လို့ပဲ ပြောတယ်။ နောက်တော့ ဘာမှမကျလာဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောလို့ရတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ကရင်ပြည်နယ်တွင် စုစုပေါင်း မြို့နယ် ၇မြို့နယ်ရှိပြီး ထိုအထဲတွင် ဖားအံမြို့နယ်မှာ တိုးတက်မှု အများဆုံးဖြစ်သော် လည်း ဖာပွန်နှင့် သံတောင်မြို့နယ်တို့တွင် တိုးတက်မှု နည်းသေးပြီး သုံးစွဲသည့်ဘတ်ဂျက်တွင်လည်း အဆိုပါမြို့နယ် အတွက် အနည်းဆုံး သုံးစွဲထားကြောင်း ကရင်ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်း အချက်အလက်များစာစောင်တွင် ဖော်ပြထားသည်။

အဆိုပါမြို့နယ်၂ခုတွင် အချို့ဒေသမှာ မငြိမ်းချမ်းသေးသည့် အခြေအနေရှိနေသေးပြီး အချို့နေရာ၌ ဘတ်ဂျက်ချပေး ချိန်တွင် ဒေသခံများက လုပ်ခွင့်မပေးတော့သည့်အခြေအနေလည်းရှိသည်ဟု ကရင်ပြည်နယ် စီမံ၊ ဘဏ္ဍာနှင့် စည်ပင် ဝန်ကြီးဦးသန်းနိုင်က ဖြည့်စွက်ပြောဆိုသည်။

တိုင်းနှင့်ပြည်နယ်အသီးသီး၌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြထားသည့် အသုံးစရိတ်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် အသုံးစရိတ်အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်နှင့် ကယား(ကရင်နီ)ပြည်နယ်တွင် အသုံး စရိတ်မှာ အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...