ရွာသား ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် KNU ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ ပြည်နယ်အစိုးရ ကန့်ကွက်

ရွာသား ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် KNU ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ ပြည်နယ်အစိုးရ ကန့်ကွက်

စအိုင်ဆူး - KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ၊ တပ်ရင်း (၁၆)မှ တာဝန်ရှိသူတစ်ဦးနှင့်အဖွဲ့သည် ဒေသခံရွာသား (၃)ဦးကို စိတ်ကြွဆေးပြားတေွ့ရှိ၍ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ကရင်ပြည်နယ်အစိုးရမှ အောက်တိုဘာလ(၈) ရက်နေ့ ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်မှု ကော်မတီ (JMC-S)သို့ ကန့်ကွက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့က KNU တပ်မဟာ(၆)၊ တပ်ရင်း (၁၆)၏ တပ်ခွဲ (၃)မှ ဒုအရာခံဗိုလ် အဆင့်ရှိသူ ဖိုးထွန်းအပါအဝင် ၃ဦးသည် အရပ်ဝတ်ဖြင့် လက်နက်ငယ်ပါ၍ သံဖြူဇရပ် မြို့နယ်၊ အတွင်းစခန်းကြီးကျေးရွားရှိ မွန်လူမျိုး (၂)ဦးနှင့် ကရင်လူမျိုး (၁)ဦးတို့ထံမှ (WY)စိတ်ကြွဆေးပြား ၁၄ဝ ပြားတွေ့၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းအဆိုပါ ကန့်ကွက်စာ၌ ဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး KNU အနေဖြင့် NCA သဘောတူစာချုပ်ပါအတိုင်းလိုက်နာ ဆောင်ရွက်ရန်၊ နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ ဖမ်းဆီးထားသူများအား တရား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းအပ်နှံရန်ဟူ၍လည်း ကန့်ကွက်အကြောင်းကြား ထားသည်။

သို့သော် ၎င်းဖမ်းဆီးမှုဖြစ်စဉ်တွင် အဆိုပါ ဒေသခံများကို လမ်းတွင်မသင်္ကာ၍ ခေါ်ယူစစ်ဆေးမေးမြန်းစဉ် စိတ်ကြွ ဆေးပြားများ လက်ဝယ်ထားရှိကြောင်းတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ KNU ၏ မူးယစ်ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း KNU ဘက်က ဆိုသည်။

ထိုဒေသများသည် KNU ၏ ယခင်လှုပ်ရှားနယ်မြေများဖြစ်၍ ယခုကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်ရခြင်းဖြစ်သလို အစိုးရ၏ ကန့်ကွက်အကြောင်းကြားမှုအပေါ်တွင်လည်း ပြန်လည်တုံ့ပြန်သွားမည်ဖြစ်သလို ဖမ်းဆီးထားသူများကိုလည်းလွှဲပြောင်းပေးရန် အစီအစဉ်မရှိကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“ဒီနေရာက ပြောရရင် KNU တပ်မဟာ (၆)ရဲ့ မြို့နယ် ၄ခုထဲက ဝင်ရေးမြို့နယ်ထဲမှာ ပါတာပေါ့။ ဒီနေရာကအရင်ကတည်းက ကျနော်တို့ လူတွေလှုပ်ရှားခဲ့တဲ့ ဒေသဖြစ်တဲ့အတွက် ခုနလို မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေလည်း လုပ်ဆောင်တာမျိုးရှိတယ်။ အရင်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နယ်မြေသတ်မှတ်တာတွေ မလုပ်နိုင်ခဲ့တာကြောင့် သူ့လှုပ်ရှားနယ်မြေ၊ ကိုယ့်လှုပ်ရှားနယ်မြေမှာပိုနေမြဲ ကျားနေမြဲ လှုပ်ရှားတဲ့အတွက် ဒါကိုဝင်စွက်ဖက်စရာအကြောင်းမရှိဘူး။ ကျနော်တို့လည်း ဝင်မစွက်ဖက်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးထားသူများကို KNU ဝင်ရေးမြို့နယ်ရုံးတွင် ထိန်းသိမ်းထားပြီး ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF)မှ လိုအပ်သည့်အရေးယူ ဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပဒိုစောလစ္စတန်က ဆက်ပြောသည်။

KNU နှင့် အစိုးရ၊ တပ်မတော်အကြား ၉ နှစ်နီးပါး ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်လာခဲ့ပြီး NCA အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားနိုင်သော်လည်း ယနေ့အချိန်ထိ လုံခြုံရေးဆိုင်ရာနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ နယ်မြေသတ်မှတ်ခြင်းကိစ္စရပ်များ မဆွေးနွေးနိုင်သေးသောကြောင့် ယခုလိုနယ်မြေအငြင်းပွားမှုပြဿနာများ၊ နှစ်ဖက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြန်အလှန်ကန့်ကွက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...