၂၀၂၀ ရွေးကောက်ပွဲ ရန်ကုန်ကရင်ရေးရာအတွက် ကရင်မဲဆန္ဒရှင်ဦးရေ ၅၅, ၀၀၀ ကျော်တိုးလာ

၂၀၂၀ ရွေးကောက်ပွဲ ရန်ကုန်ကရင်ရေးရာအတွက် ကရင်မဲဆန္ဒရှင်ဦးရေ ၅၅, ၀၀၀ ကျော်တိုးလာ

စဖန်းရှောင်း — ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်ကရင်တိုင်းရင်းသားလူမျိုးရေးရာအတွက် လာမည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်ဦးရေမှာ ၂၃၀,၀၀၀ ကျော်ရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကာလ မဲဆန္ဒရှင်ဦးရေထက် ၅၅,၀၀၀ ကျော် တိုးလာကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်၏ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ထားမှုများအရ ရန်ကုန်ကရင်ရေးရာအတွက် မဲဆန္ဒရှင်ဦးရေမှာ ၁၈၀,၀၀၀ ကျော်သာရှိသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကရင်မဲဆန္ဒရှင်ဦးရေမှာ အနည်းငယ်တိုးတက်လာခြင်းလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDမှ ရန်ကုန် ကရင်ရေးရာကိုယ်စားလှယ်လောင်း နော်စူစဲန်နာလှလှစိုးက “အ နော်ကွင်းဆင်းတဲ့အချိန်မှာ တွံတေးက ကရင်လူမျိုးတွေဆို ကရင်စာရင်းမပေါက်တဲ့သူတွေ အများကြီးပဲ။ သူတို့ စာရင်းဇယားနဲ့ကို ပြုစုထားတယ်။ အဲဒါကို အနော်လဝကကို တင်ပြထားတယ်။ သူတို့အချိန်မှီ လုပ်ပေးနိုင် လား မနိုင်လားတော့ မပြောတတ်ဘူးပေါ့နော်။ အခုအချိန်အထိ စာရင်းမပေါက်သေးဘူးဆိုရင်တော့ ဒီတစ် ခေါက်မဲ ပေးနိုင်ဖို့က မကျိန်းသေဘူးဖြစ်သွားတာပေါ့။ နောက်ပြီး ကွမ်းခြံကုန်းတို့ လှည်းကူးတို့လိုမှာတောင် မှတ်ပုံတင် မရှိတဲ့ကရင်လူမျိုးတွေအများကြီးဆိုတော့ ဒီစာရင်းကတိုးဖို့ပဲရှိတယ်။ လျော့ဖို့တော့မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ထပ်မံထုတ်ပြန်ထားသည့် စာရင်းအရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကရင်မဲဆန္ဒရှင်ဦးရေမှာ အမျိုးသား ၁၀၈,၆၂၆ နှင့် အမျိုးသမီး ၁၂၇,၅၁၁ ဦးဖြင့် စုစုပေါင်း ၂၃၆,၁၃၅ ဦးရှိပြီး ယခုစာရင်းကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြင်ဆင်ဖြည့်စွက်ခွင့်ရှိသည်။

ယခုထပ်မံထုတ်ပြန်လိုက်သည့် ကရင်မဲဆန္ဒရှင်ဦးရေစာရင်းအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အသီးသီးကို ကေအိုင်စီမှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလ ကရင်မဲဆန္ဒရှင်ဦးရေမှာ ၁၈၁,၀၀၀ ဦးရှိပြီး မဲပေးသူဦးရေ ၁၂၈,၇၀၉ ဦးနှင့် ပယ်မဲ၊ ပျောက်မဲပေါင်း ၆,၅၀၀ ဦးရှိသည့်အတွက် မဲပေးသူရာခိုင်နှုန်း ၇၁.၁၁ ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ကရင်ပြည်သူ့ပါတီ -KPP မှ ကရင်ရေးရာ ကိုယ်စားလှယ်လောင်းမန်းသန်းဝင်းဦးက “ ဒီရန်ကုန်တိုင်း အတိုင်း အတာအရတော့ ၅ နှစ်အတွင်းမှာ ၁၈ နှစ်ပြည့်ပြီးသူတိုးလာတာ၊ ရွှေ့ပြောင်းလာသူတွေများလာတာ၊ နောက် တစ်ခုက ထူးခြားဖြစ်စဉ်ဖြစ်တဲ့ ကိုဗစ်အခြေအနေအပြင်ကို တိုင်းရင်းသားရေးရာနဲ့ပတ်သက်လို့ မဲပေးခွင့်အပေါ် ဖြေလျော့ပေးတာတွေ၊ မိမိလက်ရှိနေထိုင်ရာနေရာမှာ ၃ လ နေထိုင်ရင်မဲပေးခွင့်ရှိတာတွေကြောင့်လို့ယူဆတယ်”ဟု ပြောသည်။

ထို့အတူ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကရင်ရေးရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီနှင့်ကိုယ်စားလှယ်လောင်းအရေအတွက်မှာလည်း ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအရေအတွက်ထက် ၃ ဦးပိုမိုများပြားလာ သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကရင်ရေးရာအတွက် အင်အား ကြီးပါတီများဖြစ်သည့် NLD၊ USDP တို့အပြင် ကရင်ပါတီများဖြစ်သည့် KNP နှင့် KPP တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီ ၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၇ ဦးအထိပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားမှုများအရ ကရင်မဲဆန္ဒရှင်ဦးရေမှာ ပြီးခဲ့သည့် ၅နှစ်ကထက်တိုးတက် မှုရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်အတွင်း နေထိုင်သူကရင်လူမျိုးများ အနေ ဖြင့် မှတ်ပုံတင်တွင် လူမျိုးအမည် မှားယွင်းနေမှုအများအပြား ရှိနေသေးသည်ဟုလည်း ကရင်စာပေ ယဉ်ကျေးမှု ကော်မတီ တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရသည်။

အဆိုပါအခြေအနေများကြောင့် ကရင်လူထုကသာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကရင်တိုင်းရင်းသားရေးရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် နစ်နာမှုများဖြစ်ပေါ်နိုင်သလို ကရင်လူမျိုးတို့၏ရသင့်ရထိုက်သောအခွင့်အရေးများဆုံးရှုံးနိုင်ကြောင်းလည်း ထောက်ပြပြောဆိုမှု များရှိနေသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...