မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျယ်ပြန့်သည့် ပါဝင်မှုဖြင့် လေးနက်စွာလုပ်ဆောင်ရန် KNU တိုက်တွန်း

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျယ်ပြန့်သည့် ပါဝင်မှုဖြင့် လေးနက်စွာလုပ်ဆောင်ရန် KNU တိုက်တွန်း

စအိုင်ဆူး — မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပကတိ အခြေအနေနှင့်ကိုက်ညီအောင် ပြင်ဆင်မွမ်းမံပြီး ကျယ်ပြန့်သည့် ပါဝင်မှုဖြင့် လေးနက်စွာ လုပ်ဆောင်ရန် ကရင်အမျိုးအသားအစည်းအရုံး-KNUက စက်တင်ဘာ ၂၁ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တိုက်တွန်းလိုက်သည်။

တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအားလုံး ငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဖြစ်ပြီး ဖယ်ကြဉ်ထားခြင်းခံရသည့် လူထုအခြေပြု အဖွဲ့အစည်းများ၊ ပါတီ အဖွဲ့အစည်းများ၏ ပါဝင်မှုကိုလည်း သေချာစေရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးနေ့အပေါ် ထုတ်ပြန်သည့် KNU၏ သဘောထား ထုတ်ပြန်ချက်၌ ဆိုထားသည်။

“ အပြန်အလှန်လေးစားကာ ဖိအားပေး လိုက်လျောစေမှု ကင်းပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာသည့် ရလဒ်ကို အ ခြေခံသည့် လုပ်ငန်းစဉ်ဖြစ်ရပါမည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့အထိသာ ပါဝင်ထားနိုင်ပြီး ကျန်ရှိသော မြန်မာပြည် မြောက်ပိုင်းဒေသ တိုင်းရင်းသား အဖွဲ့အစည်းများအပြင် အကြမ်းဖက် အုပ်စုအဖြင့်ကြေညာထားခံရသောရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော်(AA)အဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ခြင်းမရှိသေးဘဲ ယနေ့အချိန်ထိ တပ်မတော်နှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိ သည်။

ထို့အပြင် လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများ မိုပိုထိ ရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟုဆိုကာ မြန်မာ့ တပ်မတော်မှ မေလ ၁၀ရက် မှစ၍ စက်တင်ဘာလ ၃၀ရက်နေ့အထိ အပစ်ရပ်ကြေညာရာ၌လည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် အဖွဲ့အစည်းနယ်မြေများကို ချန်လှပ်ထားကြောင်းတွေ့ရသည်။

အလားတူ  အပစ်ရပ် ကြေညာမှုတွင် ချန်လှပ်ခံထားရသည့် ရခိုင်ပြည်နယ်ရှိ AA အဖွဲ့အပါအဝင် တအာင်း (ပလောင်) TNLAအဖွဲ့နှင့် ကိုးကန့်(MNDAA) အဖွဲ့တို့ ပါဝင်သည့် ညီနောင် မဟာမိတ်အဖွဲ့မှလည်း အပစ်ရပ် ကြေညာထားသော်လည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ မကြာခဏပြင်းထန်ပြီး အရပ်သား ထိခိုက် သေဆုံးမှုများလာခြင်းနှင့်အတူ စစ်ဘေးရှောင် နှစ်သိန်းခွဲ ကျော်အထိရှိလာကြောင်း အရပ်ဖက် အဖွဲ့အစည်း များကဆိုသည်။

အဆိုပါ တပ်မတော်၏ အပစ်ရပ်ကြေညာချက်နှင့်ပတ်သက်၍လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး ဗဟိုဌာန(NRPC)က တပ်မတော်၏ ဆောင်ရွက်ချက်များသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အထောက်အကူဖြစ်စေကြောင်းဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့က ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ NRPC၏ ထုတ်ပြန်ကြေညာချက်အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ အရပ်သား ထိခိုက်သေဆုံးမှုနှင့် စစ်ဘေးရှောင်တိုးပွားလာမှု၊ အင်တာနက်လိုင်း ဖြတ်တောက်မှုများ ရှိခြင်းအပေါ် အစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှု နှင့်ပတ်သက်ပြီး ဝေဖန်ကန့်ကွက်မှုများမြှင့်မားလာပြီး မြန်မာပြည်ကျောင်းသား သမဂ္ဂအဖွဲ့က ကျောင်းသားအချို့လည်း ယခုလအတွင်း ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်ခဲ့သည်။

အလားတူ ရခိုင်၊ ချင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တပ်မတော်၏ လူနည်းစုအပေါ် အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေမှုနှင့် ၎င်းကျူးလွန်မှုနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ လျစ်လျူရှုထားမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကရင်လူငယ်ကွန်ယက်(KYN)မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက် နေ့က ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် သဘောထားထုတ်ပြန်ချက်တွင်လည်း ပြောဆိုထားသည်။

လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ နောက်ဆုံး ရလဒ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်မှ ၂၁ရက်နေ့ အထိ ပြုလုပ် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်မည့် သဘောတူညီချက်များကို ပြည်ထောင်စုသဘောတူ ညီချက် အစိတ်အပိုင်း (၃) အနေဖြင့် အပစ်ရပ် (၁၀)ဖွဲ့နှင့် အစိုးရ၊ တပ်မတော်အကြား သဘောတူ လက်မှတ် ရေးထိုး ထားခဲ့ကြသည်။

နှစ်စဉ် စက်တင်ဘာလ ၂၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ယခင်နှစ် များက မြန်မာပြည် ဒေသအချို့တွင် အခမ်းအနားများပြုလုပ်ကျင်းပလေ့ရှိသော်လည်း လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ကျရောက်မှုအခြေအနေများကြောင့် လူစုလူဝေး အခမ်းအနားများကျင်းပနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများအသီးသီးမှ သဘောထား ကြေညာချက်များ အသီးသီး ထုတ်ပြန်ကြေညာကြသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ စက်တင်ဘာလ ၂၁ ရက်နေ့အား တရားဝင်ကျင်းပသည့်နေ့အဖြစ် သတ်မှတ် ခဲ့သည်။ ယနေ့ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် ကမ္ဘာ့ ကုလ သမဂ္ဂမှ  အတူတကွ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်း(Shaping Peace Together) ဟူ၍ ဆောင်ပုဒ်ချ မှတ် ထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...