အောက်ခြေထိတွေ့မှုများ ရှောင်ရှားနိုင်ရေး ကရင်လက်နက်ကိုင်အဖွဲ့များတွေ့ဆုံညှိနှိုင်းခဲ့

အောက်ခြေထိတွေ့မှုများ ရှောင်ရှားနိုင်ရေး ကရင်လက်နက်ကိုင်အဖွဲ့များတွေ့ဆုံညှိနှိုင်းခဲ့

စအိုင်ဆူး — ကရင့်လက်နက်ကိုင်အချင်းချင်းကြား အောက်ခြေ မြေပြင်ထိတွေ့မှုများ ရှောင်ရှားနိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး-KNU ဦးဆောင်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းမှုတစ်ခုကို စက်တင်ဘာလ ၁၄ ရက်နေ့က KNU ထိန်းချုပ်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့သည်။

KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် ကရင် နယ်ခြားစောင့်တပ် (BGF)၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA –PC) မှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်၍ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အောက်ခြေထိတွေ့မှုများအပေါ် ဆွေးနွေးပြီး ရှေ့ဆက် ထိတွေ့မှုများ မဖြစ်ပေါ်စေရေး နှင့် စည်းလုံးညီညွတ်မှု ရရှိရေးတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ ဒီမြေပြင်ဂရောင်းမှာ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ထိတွေ့မှုတွေ မဖြစ်အောင် နားလည်မှုတွေ မလွဲအောင် အဲ့ဒီအတွက် တွေ့ကြတယ်။ နောက်တစ်ခုက တလောက ဖြစ်သွားတဲ့ လမ်းဟောင်းဘက်မှာ ပစ်ခတ်မှုတွေဖြစ်တော့ ကိုယ့်ကရင်ပြည်သူတွေကြားမှာ အသံ မျိုးမျိုးတွေ ထွက်လာတဲ့အပေါ်မှာ အဲ့ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ပေါ့၊ နားလည်မှု ပိုမိုရရှိဖို့ လိုအပ်တာ ပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ဩဂုတ်လ (၃၀)ရက်နေ့က မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်း အလယ်ဘိုတဲအနီး ဆက်သွယ်ရေး စခန်း ကုန်းရှိ တပ်မတော်သား ၂ ဦး ပစ်သတ်ခံရပြီး အလောင်းအောက် မိုင်းထောင်ထား၍ မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်ဆေးတပ်မှ ဗိုလ်ကြီး (၁)ဦး အပါအဝင် တပ်မတော်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့မှ နယ်မြေရှင်းလင်းရေးများ ဆောင် ရွက်ရာ ယင်းနေရာအနီးရှိ ကျေးရွာများတွင် တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲငယ်အသွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်။

၎င်းတို့၏ တစ်ရက်တာ တွေ့ဆုံမှုတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား နားလည်မှုလွဲမှားခြင်း မဖြစ်ပေါ်စေရေးအပြင် ငြိမ်းချမ်းရေး ညီလာခံ(UPC)မှ ရရှိလာသည့် သဘောတူညီချက်များနှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့တွင် ကရင်လက်နက်ကိုင်အများ နိုင်ငံရေး ရပ်တည်ချက်တစ်ခုတည်း သွားနိုင်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ကရင်နိုင်ငံရေးပါတီများ အနိုင်ရရှိရေးတွင် ကရင်လက်နက်ကိုင်အဖွဲ့များ၏ အခန်း ကဏ္ဍများကိုပါ ဆွေးနွေးခဲ့ကြကြောင်း ပဒိုစောလှန်းထွန်းက ဆက်ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင်  KNLA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ အပါအဝင် KNU ကာကွယ်ရေးနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များ၊ BGF မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောနေ စိုးမြ နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ကျန်ရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) မှာ Covid-19 ကာလ သွားလာရေး အခက်အခဲကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...