စအိုင်ဆူး — ထိုင်းနယ်စပ်ဒေသများတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု စကားဝိုင်းတစ်ခုကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က (စက်တင်ဘာ ၇ရက်) မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြုလုပ်ပေးခဲ့ သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံသားတစ်ယောက်၏ အခြေခံအခွင့်အရေး ရရှိစေရန်နှင့် နိုင်ငံ၏ အပြောင်းအလဲတွင် ပါဝင်ခွင့်ရရန်ရည်ရွယ်ပြီး ယခုလို လိုက်လံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ သင်တန်းတာဝန်ခံ ကိုမျိုးဇော်က ကေအိုင်စီသို့ ယခုလိုပြော သည်။
“ ဒီရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ရွေးကောက်ပွဲ အဆက်ဆက်မှာ မဲပေးခွင့် မရခဲ့ကြဘူး။ ဘန်ကောက် သံရုံးကနေ ကြိုတင်မဲ ပေးခွင့်ရပေမဲ့လည်း ရာခိုင်နှုန်းအားဖြင့် တော်တော်နည်းတယ်။ သောင်းဂဏန်း လောက် ပဲရှိမယ်။ ဘာကြောင့်လဲဆိုတော့ သံရုံးဆိုတာကို မသိတာလည်းရှိတယ်။ နောက်ပြီး ရွေးကောက်ပွဲဆိုတာကို နားမလည်တဲ့ ကျေးလက်နေ တောင်သူလယ်သမားအများစုလည်းရှိကြတဲ့အခါကျတော့ အဲ့လို လူတွေအများစု ဖြစ်နေတဲ့အခါကျတော့ ဒီမဲတွေ အလဟဿ ဖြစ်နေတာကြာပြီး” ဟု ၎င်းက ပြောသည်။
လာမည့် နိုဝင်ဘာလ ၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားပြီး ၎င်းအ တွက် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကြိုတင်မဲထည့်နိုင်ရန် မြန်မာသံရုံးမှ ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့က ပုံစံ (၁၅)ဖြည့်သွင်းပေးပို့ရန် အသိပေကြေညာထားသည်။
ထိုသို့ အသိပေးကြေညာထားသော်လည်း ထိုင်းနိုင်ငံအတွင်း တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းနီးပါးရှိသည့်အနက် ပုံစံ (၁၅) ဖြည့်သွင်းလျှောက်ထားသူ ဦးရေ သောင်းဂဏန်းမျှသာရှိကြောင်း ကိုမျိုး ဇော်က ဆက်ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံအပါအဝင် ပြည်ပ နိုင်ငံအသီးသီးမှ ကြိုတင်မဲပေးရန် ပုံစံ (၁၅) ဖြည့်သွင်းလျှောက်ထားသူ (၁၀၉, ၄၇၀)ဦးရှိကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ရွေး ကောက်ပွဲကော်မရှင်သို့ ပေးအပ်ခဲ့သည့် စာရင်းဖော်ပြချက်အရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ မဲစာရင်းများတွင် မပါဝင်သဖြင့် မဲစာရင်း၌ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ (၃) လျှောက်ထားသူ စုစုပေါင်းမှာ ပြီးခဲ့သည့် သြဂုတ်လ ၂၁ရက်နေ့အထိ (၃,၇၈၂) ဦးရှိကြောင်းလည်း သိရသည်။
မဲဆောက်ရှိ ရွှေ့ပြောင်းအလုပ်သမား ဦးကြည်ဝင်းက “ ရွေးကောက်ပွဲက ကြားဖူးတာတော့ နှစ်ကြိမ်ပေါ့။ ဒါပေမဲ့ကိုယ်တွေကတော့ မသွားဖြစ်ဘူး။ ကိုယ့်မြန်မာနိုင်ငံလည်း မပြန်ဖြစ်တော့ ဒီကလုပ်ငန်းတွေနဲ့ပဲ လည်ပတ်နေတော့ မဲမပေးဖြစ်ဘူး။ ဒီနိုင်ငံမှာရောက်နေတဲ့ မြန်မာလူမျိုးတွေအတွက် ဒီလို အခွင့် အရေးကလည်း မကြုံခဲ့ဖူးဘူးလေ။” ဟု ကေအိုင်စီ သို့ပြောသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေဖြင့် လက်ရှိ မဲဆောက်ဒေသအတွင်း မြန်မာ့ရွှေ့ ပြောင်းအလုပ်သမား များထံမှ ပုံစံ (၁၅)များ ကောက်ခံပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြပေးထားကြောင်းနှင့် ခရီးသွား လာခွင့် ကန့်သတ်ချက်ရှိနေသည့် ရာသီအလိုက်အလုပ်သမားများအတွက်ပါ လိုက်လံကောက်ခံပေးထားပြီး ၎င်းတို့အတွက် နီးစပ်ရာဒေသအတွင်း မဲပေးခွင့် ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း ကိုမျိုးဇော်က ဆိုသည်။
“ မဲဆောက်ဒေသမှာ အများစုက ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်မရှိတဲ့ လက်မှတ်ကို ကိုင်ဆောင်ထားကြသူအများစု ဖြစ်တယ်။ အဲ့လူတွေအတွက် မြဝတီမှာ မဲသွားပေးတာပဲဖြစ်ဖြစ်၊ မဲသွားပေးခွင့်ရအောင် ဖန်တီးပေးတာဘဲဖြစ်ဖြစ် ဘန် ကောက်သံရုံးကနေ မဲဆောက်မှာပဲ ယာယီသံရုံးပုံစံမျိုး မဲပေးနိုင်အောင်ဖန်တီးနိုင်အောင် ပုဒ်မ (၆၄) သမားတွေကိုလည်း ကောက်ခံပေးထားတာမျိုးရှိတယ်။ ဒါပေမဲ့ သူတို့တွေ မဲပေးခွင့်ရ၊ မရတော့ မ သေချာသေးဘူး” ဟု ကေအိုင်စီ သို့ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်ပရောက် ကြိုတင်မဲ ပေးရန် ပုံစံ (၁၅) လျှောက်လွှာများအား ပြီးခဲ့သည့် သြဂုတ်လ ၅ရက်နေ့ နောက်ဆုံးထား လက်ခံရန် မူလတွင် သတ်မှတ်ထားခဲ့သော်လည်း မဲပေး လိုသူများ မကျန်ရှိစေရေးအတွက် လက်ခံသည့် ရက်အား ထပ်မံတိုးမြှင့်ပေးထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပသွားရန် ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသော်လည်း လတ်တလော မြန်မာနိုင်ငံအတွင်း ကိုရိုနာ ဗိုင်ရပ်စ် ရောဂါပိုး ကူးစက်ပျံ့ ပွားမှုအရှိန်မြှင့်တက်လာမှုကြောင့် ရွေးကောက်ပွဲကျင်းပမှုအပေါ်သက်ရောက်မှုရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်မှုများရှိသည်။







