စောရှား — Covid-19 ရောဂါပိုးအရေးပေါ်စစ်ဆေးနိုင်သည့်စက်ကို ဖားအံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ထားရှိထားပြီး စက် အရည်အသွေးနှင့်ပတ်သက်၍ စမ်းသပ်အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၈ ရက်တွင် ပြောသည်။
ဖားအံပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာဘုန်းမိုးဝင်းက “Covid 19 ရောဂါစစ်ဆေးဖို့ ရထားတဲ့ စက်ဖြစ်တယ်။ ဒီ ဗုဒ္ဓဟူးနေ့ သြဂုတ် ၂၆ ရက်က ၅ ယောက် စစစ်တာ အကုန်လုံး Negative(ရောဂါပိုးမရှိ) ဖြစ်ပါတယ်။” ဟု ပြောသည်။
စမ်းသပ်စစ်ဆေးမှုလုပ်ငန်းများပြုလုပ်နေသည့် အဆိုပါစက်တွင် အနည်းဆုံး Negative ၁၀ ဦးနှင့် Positive (ရောဂါပိုးရှိသူ) ၅ ဦးတို့ကို စစ်ဆေးပြီးသည့် နောက်ပိုင်းမှသာ တရားဝင် ရလဒ်များ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာဘုန်းမိုးဝင်းက ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အဓိက ပံ့ပိုးထားပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖားအံဆေးရုံကြီးသို့ စ တင်ရောက်ရှိခဲ့သည့် အဆိုပါစက်တွင် တစ်ခါစစ်လျှင် အနည်းဆုံး ၄ ဦးအထိစစ်နိုင်ကာ အချိန် ၁ နာရီခွဲခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။
ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က “အရင်ကဆို ရန်ကုန်အထိ ပို့စစ်ရတော့ရလဒ်အဖြေ သိရဖို့ အချိန်ကြာမြင့်ခဲ့တယ်ပေါ့နော်။ ဒီစက်ရှိခြင်းအားဖြင့် အချိန်ကုန်သက်သာမှာဖြစ်ပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
မြန်မာနိုင်ငံတွင် Covid-19 အရေးပေါ်စစ်ဆေးနိုင်သည့်စက်များအား ခရိုင် ၂၆ ခရိုင်၌ ထားရှိထားပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။







