စအိုင်ဆူး — လတ်တလော မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအနေဖြင့် ကူးစက်ခံရမှုနှုန်းမြင့်မားလာခြင်းအပေါ် KNU- ကရင်အမျိူးသားအစည်းအရုံးက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အမျိုးသား လုံခြုံရေးအဆင့် သတ်မှတ်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။
KNU ဖားအံခရိုင်၌ သြဂုတ်လ ၂၄ရက်မှစ၍ ၂၆ ရက်နေ့အထိ KNU က အရေးပေါ်ဖွဲ့စည်းထားသည့် ဗဟိုအဆင့်နှင့် ခရိုင်အဆင့် ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ခေါ် ယူ၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဗဟိုအဆင့် ကော်မတီခေါင်းဆောင် ပဒိုစောဒိုင်းမွန်းခင်က “အခု ဥရောပမှာ ကာကွယ်ဆေးတွေထုတ်ဖို့ကြိုးစားပေမဲ့ စမ်းသပ်မှုက မလုပ်ရသေးသော စိုးရိမ်စရာက ရှိသေးတယ်။ နောက်ပြီး အခု ရခိုင်ဘက်က တော်တော် လေးကူးစက်ခံနေရတယ်။ ဒီကူးစက်ခံရတာကလည်း ပြောကြတာက ပြည်ပက ပြန်ရောက်လာသူတွေဆီက မဟုတ်ဘဲ သူတို့ကြားမှာပဲဖြစ်တဲ့အတွက် အစိုးရက Lock down ချရတဲ့အထိ ပြန်ဖြစ်လာတာပေါ့။ ဒါကြောင့် ဒီကိုဗစ်အစီအစဉ်ကို ကျနော်တို့ မိခင်အဖွဲ့အစည်းက အမျိုးသားလုံခြုံရေးအဆင့်ထိ သတ်မှတ်ပြီး ရှေ့ဆက် လုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအတွက် Joint Peace Fund မှ တဆင့် ACCESS TO HEALTH ၏ အစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများအတွက် ငွေကြေးကူညီထောက်ပံ့မှုများရှိပြီး KNU အနေဖြင့် ယခင်ဇူလိုင်လမှ ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ (၈) သိန်းကျော်ရရှိထားပြီး Kaw Lah Foundation နှင့် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW တို့ပူး ပေါင်းစီမံဆောင်ရွက်သွားမည်ဟု ပဒိုစောဒိုင်းမွန်းခင်က ဆက်ပြောသည်။
KNU အနေဖြင့် ကိုဗစ်အရေးပေါ် ကာကွယ်တုန့်ပြန်ဆောင်ရွက်ရေးအတွက် ၎င်းတို့၏ ထိန်းချုပ်နယ်မြေနှင့် ထိစပ်နယ်မြေများအတွင်း Screening Point (၃၇) နေရာနှင့် Quarantine Center (၁၅) နေရာ ဖွင့်လှစ် ဆောင်ရွက်ထားပြီး ၎င်းတို့ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံဆောင်ရွက်သွားရန်ကိုပါ စီစဉ်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။
၃ ရက်တာ ပြုလုပ်သည့် KNU ကိုဗစ်အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များ၏ အစည်းအဝေးပွဲကို ဗဟိုအဆင့် ကော်မတီဝင်များနှင့် ခရိုင်အသီးသီးမှ ကော်မတီဝင် ကိုယ်စားလှယ်များ စုစုပေါင်း (၄၀)ကျော် ပါဝင် တက်ရောက်နေကြောင်း သိရသည်။







