စောထွန်းလင်း — ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်ရွေးကောက်ပွဲဝင်ရန် တက်ကြွလှုပ်ရှားသူ ကရင်လူငယ် စောအဲလ်ဘတ်ချို၏ လျှောက်ထားမှုကို ခရိုင်ကော်မရှင်က ပယ်ချခဲ့သော်လည်း တိုင်းကော်မရှင်က ပြန်ပယ်ဖျက်ပေးခဲ့သည်ဟု ၎င်းက ဩဂုတ် ၂၁ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
စောအဲလ်ဘတ်ချိုသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြုရွေးကောက်ပွဲဝင်ရန် မူလအိမ်ထောင်စုစာရင်း ပုံစံ ၁၀ ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သို့ အိမ်ထောင်စုစာရင်း ပုံစံ ၁၀ ပြောင်းရွှေ့ပြီးနောက် ကိုယ်စားလှယ်လောင်းလျှောက်ထားရာတွင် ဖခင်အမည်မှားယွင်းသွားသည့်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက လျှောက်ထားမှုကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
“အဖေနာမည်မှားလို့ ခရိုင်ကော်မရှင်က ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကို ပယ်ချလိုက်တယ်၊ ကျနော်က တိုင်းကော်မရှင်ကို အယူခံတင်တယ်၊ မနေ့က နေ့လည် (ဩဂုတ် ၂၀) မှာ ခရိုင်ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို တိုင်းကပယ်ဖျက်ပေးပြီး ကျနော်ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကို လက်ခံ လိုက်တယ်” ဟု စောအဲလ်ဘတ်ချိုက ကေအိုင်စီသို့ ပြောသည်။
၎င်းသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ကို နော်အုန်းလှ၊ စသိန်းဇော်မင်းတို့နှင့်အတူ ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံရှေ့၌ ဦးဆောင်ကျင်းပခဲ့သည့်အတွက် အစိုးရက ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် ထောင် ၁၅ ရက်ချမှတ်ခြင်းကို ခံခဲ့ရဖူးသည်။
အသက် ၂၇ နှစ်အရွယ်ရှိပြီးဖြစ်သူ စောအဲလ်ဘတ်ချိုသည် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ နယ်၊ ဖျားအောက်ကျေးရွာ ဇာတိဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ပြီးနောက် အင်းစိန် ကရင်နှစ်ခြင်းကျမ်းစာကျောင်း တက်ရောက်ခဲ့ပြီး သီအိုလော်ဂျီ ဘွဲ့ရခဲ့သည်။
ထို့နောက် MIT- Myanmar Institute of Theology ၌ မဟာဘွဲ့တန်းဆက်လက်တက်ရောက်ခဲ့ကာ ၂၀၂၀ ပြည့် နှစ်တွင် သီအိုလော်ဂျီ မဟာဘွဲ့ရရှိခဲ့ပြီးနောက် ၉၀ ပြည့်အမတ်များစုပေါင်းတည်ထောင်ထား သည့် UNDP ပါတီသို့ဝင်ကာ နိုင်ငံရေးလောကသို့ ကူးပြောင်းလာခဲ့သည့် လူငယ်တဦး ဖြစ်သည်။







