စောထွန်းလင်း - ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) မှ နာယက တဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ခြင်းသည် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့၏ သဘောထားမဟုတ်ဟု ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ သြဂုတ် ၁၅ ရက်နေ့တွင် ပြောသည်။
၎င်းက “ လွန်ခဲ့တဲ့ သုံးလေးရက်က ဖုန်းနဲ့ ကျနော့်ဆီ ဆက်သွယ်တယ်။ တပ်က တွေ့ချင်တယ်သွားရမလားတဲ့၊ ကျနော်တို့ တပ်နဲ့ဘာအချိတ်အဆက်မှမရှိတာ။ မသွားဖို့ ပြောလိုက်တယ်။ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC)ကတော့ အစည်းအဝေးထိုင်တာလည်း မရှိဘူး။ လုံးဝသွားဖို့ ခွင့်ပြုထားတာ မရှိဘူး” ဟု ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် သြဂုတ် ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပြီး တွေ့ဆုံပွဲတွင် KNDP နာယက စောထွန်းကြည်တက်ရောက်ခဲ့သည်ဟု သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲတက်ရောက်ရန် KNDP ထံသို့ ဖိတ်စာပို့ ဖိတ်ကြားခြင်းမဟုတ်သလို ဖုန်းဖြင့်သာ ဆက်သွယ် ပြောဆိုခြင်းဖြစ်သည်ဟု KNDPက ပြောသည်။
ထို့အပြင် KNDP အနေဖြင့် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၏ လွှမ်းမိုးမူကို မခံယူသလို နိုင်ငံတော်တွင် ဖြစ်ပျက် နေသည့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ အလယ်အလတ် လမ်းစဉ်ကိုသွားမည်ဟု မူဝါဒချမှတ်ထား ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။
“ NLD၊ တပ်၊ ပြည်ခိုင်ဖြိုး ဘယ်သူ့ နောက်မှ မလိုက်ဘူး။ ကိုယ့်အမျိုးသားရေးအပေါ်မှာပဲ ခိုင်ခိုင်မာမာရပ် တည်သွားမယ်” ဟု ၎င်းက ပြောသည်။
KNDP သည် ကရင်ပြည်နယ်ရှိ ကရင်ပါတီများဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ကရင်ဒီမို ကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP) စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလေးခုကို ပြန်လည်ပေါင်းစည်းကာ ပါတီတစ်ခုတည်းအဖြစ်တည် ထောင် ထား ခြင်းဖြစ်သည်။
ထိုသို့ ပါတီ လေးခု ပေါင်းစည်းရာတွင်တချို့ပါတီသည် ပြည်ခိုင်ဖြိုးနှင့် နီးစပ်မှုရှိကာ ရွေးကောက်ပွဲ နီးလာသည့်ကာလတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေရသည့်အခြေအနေရှိသည်ဟု KNDP ထံမှ သိရသည်။







