ကရင်ပြည်နယ် မြဝတီမြို့တွင် ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းက ပြည်သူတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ခဲ့သူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် -DKBA တပ်ဖွဲ့ဝင်တစ်ဦးအား တပ်စည်းကမ်း ဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟု အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၂ရက်နေ့ ည ၉ နာရီအချိန်က မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကြံခင်းလမ်းနေ ဦးမျိုးဝင်း ဆိုသူအား သေနတ်ထောက်ကားပေါ်တင်ကာ ဖမ်းဆီးခေါ်ဆောင်ပြီး လက်ထိပ်နောက်ပြန်ခတ်၊ ထိုးကြိတ်/ကန် ကျောက်ခြင်းနှင့် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့သူ DKBA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထက်မြက်သူဆိုသူကို ဗဟိုဌာနချုပ်တပ်စခန်းတွင် ထိန်းသိမ်းထားပြီး တပ်စည်းကမ်းဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟု DKBA ဗဟို ဌာနချုပ်မှ ဗိုလ်မှူးကြီးထွန်းထွန်းက ဩဂုတ်လ ၁၅ ရက် နံနက် ၁၀နာရီခန့်က မြဝတီမြို့ အမှတ်(၄) ရပ်ကွက် မြစန္ဒီပန်းခြံ City Home ခန်းမတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်ခံခြင်းခံရသူ ဦးမျိုးဝင်း၏ ပြောပြချက်အရ DKBA အဖွဲ့မှဗိုလ်အဆင့်ရှိ ထက်မြက်သူဆိုသူမှ ၎င်းအား ဖုန်းဆက်၍ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ အောင်ဇဗ္မူလင်းဟိုတယ်ရှေ့သို့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ရာတွင် DKBA တပ်ဖွဲ့မှ ထက်မြက်သူ၊ နိုင်လင်း၊ ဦးမျက်မှန်ဆိုသူတို့က ALPHARD (အဖြူရောင်)ယာဉ်တစ်စီးဖြင့် အသင့်စောင့်ဆိုင်းပြီး အမည်မသိနေရာသို့ မျက်နှာကို အဝတ်ဖြင့်စီးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်းအားဒူးထောက်ထိုင်ခိုင်းပြီး လူမှုကွန်ရက်ပေါ်တွင် မြဝတီမြို့၊ အမှတ် (၃)ရပ်ကွက်၊ 9 DRAGON ဂိမ်းရုံသတင်းအား ရေးသားသော Oo Lu Chaw ဖေ့ဘွတ်အကောင့်ပိုင်ရှင်မှာ ၎င်းမ ဟုတ်လားဟု မေးမြန်း၍ ၎င်း၏ဖုန်းအားယူဆောင်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ အကောင့်ပိုင်ရှင်အားသိလားဟု မေးမြန်းခဲ့ကြောင်း၊ သေနတ်ပစ်ဖောက်ပြီး ရိုက်နှက်ခဲ့ကြောင်း သတင်းမီဒီယာသမားများကိုလည်း အသက်အန္တ ရာယ် ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်းဟု ရှင်းလင်းပြောကြားခဲ့သည်။
ထိုနေ့ည ၁၁ နာရီခွဲ အချိန်ခန့်တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီးဘေးရှိ ရွှေကမ္ဘာဟိုတယ် အနီးသို့ ၎င်းကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဖမ်းဆီးခံရသူ ကိုမျိုးဝင်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူတစ်ဦးအား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့သည့် DKBA တပ်ဖွဲ့ (၉၀၇) တပ် ရင်းမှ တပ်ဖွဲ့ဝင်(၃)ဦးအနက် ဗိုလ်ထက်မြက်သူဆိုသူအား ဌာနချုပ်တပ်စခန်းအတွင်း တပ်စည်းကမ်းဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်(၁)လ၊ ကြိမ်ဒဏ်အချက်(၃၀)အပြင် တပ်ဖွဲ့ဝင်အဖြစ် ထုတ်ပယ်သွားမည်ဖြစ်သလို ဖမ်းဆီး ခံရသူမှ အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုမှုများ ပြုလုပ်လျှင်လည်း တရားခံဖမ်းဆီးအပ်နှံရေး ပူးပေါင်းဆောင် ရွက်သွားမည်ဟု DKBA ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီးထွန်းထွန်းက မီဒီယာသမားများအား ပြောကြားခဲ့သည်။







