စအိုင်ဆူး — လက်ရှိဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသကဲ့သို့ အဆိုးဆုံးအတွက်ကိုပါ ပြင်ဆင်ထားသင့်ကြောင်း သြဂုတ် ၁၂ ရက်နေ့ ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောဆိုလိုက်သည်။
“ကျနော်တို့ အပစ်ရပ်တာ ၈ နှစ်လောက်ရှိပြီးဖြစ်ပေမယ့် ငါတို့အမျိုးသားတွေအတွက် အရေးကြီးတဲ့သဘောတူညီချက်တွေ ဘာတစ်ခုမှ မရသေးဘူး။ ယနေ့အချိန်ထိလည်း အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်မကြေညာနိုင်သေးဘူး။ အခု လည်း ရွေးကောက်ပွဲလုပ်ပြီး အစိုးရ အသစ်အပြောင်းအလဲပေါ်လာတော့မယ်။ ဒီအပေါ်မှာ ပြောင်းလဲမှု ရှိ၊ မရှိ စောင့် ကြည့်ပြီး သတိအပြည့်နဲ့ ရှိနေဖို့ လိုတယ်” ဟု အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင်လက်ရှိ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတို့အကြားတည်ရှိနေသည့် အပစ်ရပ်လမ်းကြောင်း ပျက်စီးမှုဖြစ်ပေါ်ခဲ့လျှင်လည်း KNU ကြောင့် ပျက်စီးခြင်းအဖြစ်ခံမည်မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောဂျော်နီက ဆက်ပြောသည်။
လက်ရှိတွင် KNU အပါအဝင် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုနှင့် ဆွေးနွေးရေးမူဘောင်များ အပြင် ၂၀၂၀ အလွန် ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆက်လက်သွားနိုင်ရေးအတွက် ပြည်ထောင်စု သဘောတူညီချက် အပိုင်း(၃)ကို ချုပ်ဆိုနိုင်ရေးအထိ ဆွေးနွေးမှုများဆက်လက် ပြုလုပ်လျက်ရှိသည်။
အလားတူ ဆွေးနွေးပွဲများ ပြုလုပ်နေစဉ် ကာလအတွင်း အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အစိုးရတပ်မတော်တို့အကြား ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး NCA ပေါ် အခြေခံသည့်ချိုးဖောက်မှုအပေါ် အခြေခံပြီး အပြန်အလှန် ကန့်ကွက်တိုင်ကြားမှုများလည်း အကြိမ်ကြိမ်ပြု လုပ်ခဲ့ကြသည်။
ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNU ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း၊ KNLA စစ်ဦးချုပ် ဗိုလ် ချုပ်ကြီးစောဂျော်နီနှင့် စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်အချို့အပါအဝင် ကရင်ပြည်သူ ၈၀၀ ခန့် တက် ရောက် ဂုဏ်ပြုခဲ့ကြပြီး အာဇာနည်များကို ဂုဏ်ပြုသည့် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းစသည့် အစီအစဉ်များ ပါဝင်ခဲ့ သော်လည်း ကပ်ရောဂါအခြေအနေကြောင့် အခမ်းအနားကို အကျဉ်းချုံးပုံစံဖြင့်သာ ပြုလုပ်ခဲ့သည်။
အလားတူ လက်ရှိ အမျိုးသားရေး လွတ်မြောက်မှုအတွက် အသက်စွန့်သွားခဲ့ရသည့် ကရင်အမျိုးသားအာဇာနည်များ၏ မျှော်မှန်းချက် ပြည့်မီရန်အတွက် လက်ရှိလူငယ်များအနေဖြင့် ပြောင်းလဲလာသည့် အခြေအနေအပေါ်လိုက်၍ လက်ဆင့်ကမ်း တာဝန်ယူသွားရန် ပြင်ဆင်ထားသင့်ကြောင်းလည်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခမ်းအနား၌ ပြောကြား သည့် အမှာစကားတွင် ထည့်သွင်း တိုက်တွန်းပြောဆိုခဲ့သည်။
ယနေ့ ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို သက်ဆိုင်ရာ ကရင်တော်လှန်ရေး နယ်မြေ ဒေသများအပါအဝင် ကရင်ပြည်နယ် ဖားအံမြို့နှင့် ဧရာဝတီတိုင်းဒေသရှိ ကရင့်ခေါင်းဆောင် စောဘဦးကြီးကျေးရွာ ဘဲဂ ရက်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဂုဏ်ပြုကျင်းပခဲ့ကြသည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားကို ဒေသအာဏာပိုင်များမှ ဝင်ရောက်တားမြစ်ပိတ်ပင်မှုများပြုလုပ်ပြီး ဦးဆောင်စီစဉ်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို အစွဲပြု၍ ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်၍ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများက နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။







