နေနော် — ထိုင်းနိုင်ငံဒေသအသီးသီးမှ ပြည်တွင်းသို့ ပြန်လာကြသော မြန်မာလုပ်သားများအနေဖြင့် မိမိတို့ပြန်မည့် နေရပ်လိပ်စာများကို တိတိကျကျပေးကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဖာမျိုးက တိုက်တွန်းခဲ့သည်။
“ထိုင်းက ပြန်လာတဲ့သူတွေအနေနဲ့ နေရပ်လိပ်စာကို တိတိကျကျပေးခြင်းအားဖြင့် အားလုံးရဲ့အ သက် အန္တရာယ်လုံခြုံရေးကို ကာကွယ်ရာ ရောက်တယ်ဆိုတာမျိုးကို ဗဟုသုတ ပေးစေချင်တယ်။ အဲဒီလိုမျိုး ပေးလိုက် ခြင်းအားဖြင့် သက်ဆိုင်ရာကျေးရွာမှာရှိတဲ့ ပြည်သူလူထုက သူတို့ကို ရွာပြင်မှာ ထုတ်စရာမလိုဘူး။ သူတို့ရဲ့ သက်ဆိုင်ရာအိမ်ထဲမှာပဲနေစေပြီး ၁၄ ရက်အတွင်းမှာ ဘယ်မှလျှောက်မသွားဖို့ ဒါကို မှာထားဖို့ပဲ ဖြစ်ပါတယ်”ဟု နော်ပန်းသဥ္ဖာမျိုးက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေး တံတားမှတဆင့် ပြည်တွင်း တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးသို့ ပြန်ကြမည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို မတ်လ ၂၇ ရက် နံနက်ပိုင်းက အဆိုပါတံတား မြန်မာဘက်ခြမ်း BCF ဇုန်တွင် ကျန်းမာရေး စစ်ဆေးပြီးနောက် ဝန်ကြီးက လာရောက်ကြိုဆိုစဉ် သတင်းမီဒီ ယာမှတဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နေအိမ်၌ ၁၄ ရက်တာ နေထိုင်စဉ်အတွင်း ဖျားနားမှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ မြို့နယ်အုပ် ချုပ်ရေးမှူးများကို အကြောင်းကြားပြီး ခရိုင်မှတဆင့် တိုင်းအဆင့်ကို ရောက်ရှိလာမည်ဆိုပါက လူနာ တင်ယာဉ် များဖြင့် လာခေါ်မည်ဖြစ်ကြောင်း၊ လူနာတွင် ထူးခြားမှုတွေ့ရှိပါက ယင်းလူနာနှင့် ထိတွေ့ခဲ့ဖူးသူများကို လိပ်စာအဆင့်ဆင့် ယူထားသည့်အတွက် ၎င်းနှင့်အတူ ကားစီးခဲ့သူများကို ပြန်လည်စိစစ်ပြီး ၎င်းတို့ကို ဆက်သွယ်ကာ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်မှာဖြစ်၍ လိပ်စာ တိတိကျကျ မှန်မှန်ကန်ကန်ပေးရန်လိုကြောင်း ဝန်ကြီးနော်ပန်းသဥ္ဖာမျိုးက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင်း ခရီးသွားလာခြင်း ကန့်သတ်မှုများ ထိုင်းအစိုးရက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ပြီးသည့်နောက် အဆိုပါတံတားမှတဆင့် မတ်လ ၂၁ မှ ၂၆ ထိ ခြောက်ရက်အတွင်း ထိုင်းနိုင်ငံဒေသအသီးသီးမှ နေရပ်ပြန် မြန်မာလုပ်သား သုံးသောင်းကျော်ရှိကာ နေ့စဉ် လူဦးရေ ၅,၀၀၀ နီးပါးခန့် ပြည်တော်ပြန်လာခဲ့သော်လည်း မတ်လ ၂၇ ရက် နေ့လည်အထိ ပြန်လာသူ ၃၀၀ ကျော်ခန့်သာ ရှိကြောင်း သိရသည်။







